
ရေကြီးနစ်မြုပ်ခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က သီးနှံစိုက်ခင်းတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က ဘတ်ဂျက်ဒါမှမဟုတ် မျိုးစေ့တွေ ပြန်လည်ဝေငှပေးဖို့ ဒေသခံတောင်သူတွေက တောင်းဆိုလိုက်ပါတယ်။
ဩဂုတ် ၆ ရက်ကစလို့ ရေဦးမြိုနယ်အနောက်ခြမ်း၊ တောင်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းက ကျေးရွာပေါင်း ၄၀ ထက်မနည်း ၅ ရက်ကြာ ရေနစ်မြုပ်ခဲ့ရပြီး လယ်ယာမြေတွေနဲ့ လမ်းတွေ ပျက်စီးခဲ့ရလို့ ဒေသခံတွေ ပြန်လည်ထူထောင်နိုင်ဖို့ ဘတ်ဂျက် ဒါမှမဟုတ် မျိုးစေ့တွေ ပြန်လည်ဝေငှပေးဖို့ လိုလားနေကြပါတယ်။
ဒေသခံတယောက်က “ရေနစ်ဆုံးရှုံးထားကြရတဲ့ တောင်သူတွေရဲ့ သီးနှံစိုက်ခင်းတွေအတွက် ဘတ်ဂျက်ချပေး ကူညီပေးဖို့လိုတယ်။ တောင်သူတွေ ဘယ်လောက်ပဲ လယ်ဧက ဆုံးရှုံးထားကြပါစေ၊ တဧက ဆုံးရှုံးရင် ဘယ်လောက်ဆိုပြီး မသတ်မှတ်ဘဲ တန်းတူညီမျှ ကူညီပေးနိုင်မယ်ဆိုရင် ပြန်လည်ထူထောင်ဖို့ အဆင်ပြေလာမယ်။ အခုချိန်က နွေစပါး၊ မိုးစပါး စိုက်ပျိုးချိန်ဆိုတော့ စိုက်နေကြဆဲ စိုက်ခင်းအားလုံး အကုန်ပျက်စီးကြတယ်။ လယ်ကွက်တွေအကုန် ရေဖုံးပြီး ဘာမှရစရာမရှိလောက်အောင် ပျက်စီးကြတယ်။ ရေဝင်နစ်မြုပ်တဲ့ ကျေးရွာတွေဟာ မီးဘေးသင့်ခံထားရတဲ့ ကျေးရွာတွေ ဖြစ်သလို လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် ပျက်စီးဆုံးရှုံးထားကြရတဲ့ ရွာတွေလည်း ဖြစ်တယ်ဗျ။ အခုထပ်ပြီး ရေဘေးဒုက္ခ ထပ်ကြုံတွေ့ကြရတော့ တောင်သူတွေရော၊ သာမန်လက်လုပ်လက်စားသမားတွေရော အကုန်စိတ်ဓာတ်ကျနေကြပြီ။ အကူအညီတွေလည်း အရေးပေါ် လိုအပ်နေကြတယ်” လို့ DVB ကို ပြောပါတယ်။
မူးမြစ်ဘောင်ကျိုးကျပြီး လမ်းတွေပေါ် ရေလျှံတာတွေကြောင့် ရေဦးမြိုနယ်ထဲက အများပြည်သူသွားလာနေကြတဲ့ လမ်းပိုင်းအားလုံးနီးပါး ပျက်စီးခဲ့ရသလို စားနပ်ရိက္ခာ သယ်ယူဖို့ လမ်းကြောင်းတွေလည်း ခက်ခဲသွားတဲ့အပြင် စပါးစိုက်ခင်းတွေ ပျက်စီးလို့ ဆန်နဲ့ စပါးဈေးတွေ တက်လာနိုင်တယ်လို့ ဆိုပါတယ်။
NUG အနေနဲ့ ဘတ်ဂျက်မချပေးနိုင်ရင်လည်း တောင်သူတွေအတွက် မျိုးစေ့ ပြန်လည်ဖြန့်ဝေပေးတာ၊ နှစ်တိုင်း ရေဝင်နစ်မြုပ်နေတဲ့ အနိမ့်ပိုင်းကျေးရွာတွေက လယ်ကွက်တွေအတွက် မူးဘောင်ကို ကျိုးမကျအောင် ကြိုတင်ပြင်ဆင်တာတွေ လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။
ရေဦးမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနောက်ခြမ်းဇုန် သတင်းတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က “အမေစုလက်ထက်ကတည်းက မူးဘောင် တာဘောင်တွေက ကိုယ်ထူကိုယ်ထအနေနဲ့ရော ဘတ်ဂျက်ချပေးတာတွေရောကြောင့် အကောင်းဆုံးဖြစ်မယ်အထင်နဲ့ လုပ်ခဲ့ကြတာပဲ။ စစ်တပ်လက်ထက်မှာ လမ်းကို လမ်းလို မမောင်းရ၊ မသွားရ။ အခက်ခဲပေါင်းစုံရှိတော့ မူးဘောင်လမ်းတွေကိုပဲ ကားရော၊ ဆိုင်ကယ်ရော၊ နွားလှည်းရော ကွင်းပြီးသွားလာနေကြရတော့ မူးဘောင် တာဘောင်တွေက ရေရှည်တောင့်မခံနိုင်ကြတော့ဘဲ ရေလာတဲ့အချိန် ကျိုးကျပျက်စီးကြရတော့တာ။ အရင်ခေတ်ကောင်းခဲ့စဥ်က အညာဒေသက မူးဘောင်လမ်းတွေဟာ ကားမပြောနဲ့၊ ဆိုင်ကယ်တောင် သိပ်မသွားကြဘူး။ တောင်သူနွားလှည်း ကျွဲလှည်းလောက်သာ မောင်းကြတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၇ ရက်နေ့မှာတော့ အင်ပုထိုးရွာသစ်က အသက် ၇၀ ဝန်းကျင်ခန့် အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့ပြီး စစ်တပ် အုပ်ချုပ်စဉ် စစ်ကိုင်းတိုင်းအတွင်း ရေကြီးမှုနဲ့ ဆုံးရှုံးမှုကြီးမားတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းနေရသလို ဆေးဝါးတွေ၊ သောက်သုံးရေ၊ မိုးကာ၊ အစားအသောက်ကအစ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
မူးဘောင်ကျိုးကျပြီး ရေဝင်တာကြောင့် ရေဦးနယ်အနောက်ခြမ်းက ကျေးရွာပေါင်း ၂၀ နီးပါးနဲ့ ရေဦးနယ်မြောက်ဘက်ခြမ်း၊ ရေဦးနယ်တောင်ဘက်ခြမ်းက ကျေးရွာပေါင်း ၄၀ လောက် ဆိုးဆိုးရွားရွားခံလိုက်ရပြီး လက်ရှိမှာတော့ ရေပြန်ကျနေပေမဲ့ မိုးထပ်များလာရင် ရေပြန်တက်လာနိုင်ခြေ ရှိနေတယ်လို့ ဆိုပါတယ်။
အဆိုးရွားဆုံးရွာတွေကတော့ ရေဦး မူးမြစ်ဘေးက ကျေးရွာအများစုနဲ့ ရေဦးမြောင်းမတော် (မူးချောင်း) ဘေးက ကျေးရွာအများစုတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။










