
တော်လှန်ရေးနယ်မြေတွေမှာ အဓိကထား အသုံးပြုနေရတဲ့ StarLink အင်တာနက်တွေကို ကုမ္ပဏီ ဘက်က ပိတ်ချနေတယ်လို့ StarLink အင်တာနက်အသုံးပြုသူတွေက ပြောကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံနေရာအနှံ့က တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို စစ်အာဏာရှင်တပ်က ဆက်သွယ်ရေး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ပိတ်ပင်ခဲ့ပါတယ်။
အဲဒီလို ဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့နေရာတွေမှာ သတင်းအချက်အလက် စီးဆင်းမှု မပြတ်စေဖို့ StarLink အင်တာနက်တွေကို အစားထိုး အသုံးပြုလာတာ ၃ နှစ်ကျော် ရှိလာပါပြီ။
ဒါပေမဲ့ ဇူလိုင် ၂ ရက်ကစပြီး မြန်မာပြည်တွင်းက StarLink အင်တာနက် စက်တချို့ဟာလည်း အပိတ်ခံနေရတယ်လို့ စတားလင့် အသုံးပြုသူတွေက ပြောပါတယ်။
အပိတ်ခံရတဲ့စက်တချို့ကတော့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း မြို့နယ်တချို့က စက်တွေပါဝင်ပါတယ်။
စက်အားလုံး အပိတ်ခံရတာမျိုးမဟုတ်ဘဲ စက်တချို့ကို တည်နေရာ မမှန်ဘူးဆိုပြီး အီးမေးလ်ပို့ပြီးမှ ပိတ်တာဖြစ်တယ်လို့ အသုံးပြုသူတယောက်က ပြောပါတယ်။
“အကောင့်ရဲ့ အပလီကေးရှင်းထဲဝင်လိုက်တာနဲ့ Alarm က ပေါ်နေတာလေ၊ သူပေါ်နေတဲ့ Alarm အရပြောမယ်ဆိုရင် Location Restricted ဆိုတာ လိုကေးရှင်း ကန့်သတ်ထားတဲ့ နေရာလို့ Alarm ပေါ်နေတဲ့အတွက် package ပြောင်းမယ်ဆိုရင်လည်း bill က ဘဲပြောင်းသွားမယ်၊ အခုတိုင်းကတော့ မပြောတတ်သေးဘူး သူတို့ကျားဖြန့်ကိစ္စနဲ့ သံသယရှိတဲ့ဟာတွေကိုဘဲ Ban သလားပေါ့။”
မြန်မာနိုင်ငံမှာတော့ Gen-2 ၊ Gen-3 နဲ့ Mini StarLink စက်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြု နေကြပြီး အများစုက လစဉ်ကြေးတလကို US ဒေါ်လာ ၁၀၀ ပေးဆောင်ရပါတယ်။
မြန်မာနိုင်ငံဟာ StarLink ကုမ္ပဏီက အသုံးပြုဖို့ ခွင့်ပြုထားတဲ့ နိုင်ငံမဟုတ်သေးတဲ့အတွက် အသိအမှတ်ပြုထားတဲ့နိုင်ငံတွေရဲ့ Location နဲ့ မှတ်ပုံတင်ပြီး အသုံးပြုနေကြတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိတော့ မြန်မာပြည်မှာ အသုံးပြုနေတဲ့ StarLink စက်တွေရဲ့ ၂၀ ရာခိုင်နှုန်းကျော်က အပိတ်ခံလိုက်ရပြီလို့ ဆားဗစ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
အပိတ်ခံရတဲ့ စက်တွေကို ပြန်လည်အသုံးပြုခွင့်ရဖို့အတွက်ကတော့ StarLink ဘက်က သတ်မှတ် ထားတဲ့နိုင်ငံတွေမှာ ပြန်အသုံးပြုမှာသာ ဖြစ်နိုင်တော့မယ်လို့ ဆားဗစ်လုပ်ငန်းလုပ်ကိုင်သူ တယောက်က ပြောပြပါတယ်။
“သူတို့ဘက်က ခွင့်ပြုထားတဲ့ နိုင်ငံတော့ မဟုတ်ဘူးပေါ့နော်၊ သို့သော်လည်း မြန်မာပြည်ထဲမှာ စက်တွေရောက်လာတယ်၊ ခွင့်ပြုနိုင်ငံတွေရဲ့ Local တွင်းသုံးတဲ့ ပလန်တွေမဟုတ်ဘဲ Rome Plan နဲ့ မြန်မာပြည်မှာ သုံးစွဲနေကြတာပေါ့နော်၊ တချို့စက်တွေဆိုရင်တော့ လုံးဝပိတ်သွားတယ်၊ တချို့စက် တွေက နိုတီရပြီးတော့ အခုအချိန်ထိ သုံးလို့ရနေတယ်ဆိုတာလည်း ရှိတယ်၊ လက်တလော ပြောနိုင်တာကတော့ မြန်မာပြည်မှာသုံးစွဲနေတဲ့အထဲမှာ ၂၀ ရာခိုင်နှုန်းထပ်ပိုတဲ့ အလုံးတွေသည် လောလောဆယ် Location Restricted အလုပ်ခံထားရတယ်၊ အဲ့တော့ ဒီစက်တွေကို ခွင့်ပြုနိုင်ငံ ပြန်ယူပြီးမှ သုံးလို့ရမယ်ဆိုတဲ့ အခြေအနေမျိုး။”
မြန်မာနိုင်ငံအလယ်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကတော့ Star link တွေ ပိတ်တဲ့ အတွက် တော်လှန်ရေးမှာဘယ်လောက် အခက်အခဲဖြစ်နိုင်လဲဆိုတာကို စောင့်ကြည့်နေပြီး အရင်က တည်းက သုံးခဲ့တဲ့ အရန်ဆက်သွယ်ရေးစနစ်လည်း အစားထိုးဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။
“သုံးဖြစ်ရုံကတော့ အဆင်ပြေတယ်၊ ဒီလောက်ကြီးအထိ ကျယ်ကျယ်ပြန့်ပြန့် သုံးလို့ရမှာ မဟုတ်တော့ဘူး။”
လက်ရှိမှာ မြန်မာနိုင်ငံကို ရှမ်းမြောက်လမ်းကြောင်းကနေဝင်တဲ့ star link စက်တွေကိုအဓိက ပိတ်နေတဲ့အတွက် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် စစ်ကိုင်းတိုင်း မန္တလေးတိုင်းဘက်က စက်တချို့ ကို ကျားဖြန့်သံသယနဲ့ပိတ်တာ ဖြစ်နိုင်တယ်လို့ အသုံးပြုသူတွေက ပြောပါတယ်။
ကရင်နီပြည်နယ်မှာလည်း ဆက်သွယ်ရေးအတွက် အဓိကထားသုံးနေရတဲ့ Star link စက်တချို့ ဇူလိုင် ၂ ရက်နေ့ကစပြီး ပိတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Star link စက်မှာပါတဲ့ တည်နေရာနဲ့ လက်ရှိအသုံးပြုနေတဲ့ စက်ရဲ့ တည်နေရာမတူညီတာကြောင့် ပိတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “နယ်ကျော်ထားတဲ့ စက်တွေ၊ Location မတူတာတွေကို ပိတ်ချနေတယ်လို့ ပြောတယ်။ ဥပမာ ဖိလစ်ပိုင်ဆိုပေမဲ့ စက်က ဖိလစ်ပိုင်မှာမဟုတ်တော့ အဲလိုမျိုးတွေက ပြဿနာရှိ တာပေါ့” လို့ ပြောပါတယ်။
အခုလက်ရှိမှာ Star link စက် ၃၊ ၄ လုံးနဲ့အထက် ပိတ်ခံရထားပြီး နောက်ပိုင်းမှာ ပိုအပိတ်ခံ ရနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းက Star link စက်တွေမှာ IP Registration ပြန်တောင်းတာတွေရှိနေပြီး Register ပြန်လုပ်မှပဲ ဆက်အသုံးပြုလို့ရမယ်လို့ သတိပေးချက်တွေရှိလာပြီးတဲ့နောက် ဇူလိုင်လ ထဲမှာ စက်တွေအပိတ်ခံရတာလို့ သိရပါတယ်။
ကရင်နီပြည်ကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်လောက်ကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်တာကြောင့် Star link စက်တွေ အစားထိုးအသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။










