
မေ ၁ ရက်ကစတင်ပြီး ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်နှုန်းထား တိုးမြှင့် ကောက်ခံမှာ ဖြစ်တာကြောင့် ကုန်ဈေးနှုန်းတွေက အခုထက် ပိုတက်လာနိုင်ပြီး လူထုရဲ့ ကျပ်တည်းမှု တွေကလည်း ပိုဆိုးလာနိုင်ပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနကနေ လျှို့ဝှက်အမိန့်နဲ့ မတ် ၃၀ ရက်က ထွက်ပေါ်လာတဲ့ ကြေညာချက်အရ ပြည်ပနိုင်ငံတွေက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို မေ ၁ ရက် ကစပြီး အခွန်တိုးမြှင့် ပြောင်းလဲကောက်ခံမှာ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ ငါးနဲ့ ရေထွက်ပစ္စည်းတွေအပေါ် ကောက်ခံတဲ့ အခွန်က ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားလိုက်တာကြောင့် ၁၀ ရာခိုင်နှုန်းထိ အများဆုံးတိုးလာပါတယ်။ ဒါ့အပြင် မုန့်နဲ့ ခေါက်ဆွဲနဲ့ ကလေးစားစရာအမျိုးမျိုးကို ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားကြောင့် နေ့စဉ် စားသုံးနေတဲ့ မုန့်တွေပါ ဈေးတက်လာနိုင်ပါတယ်။
တိုးမြှင့်လိုက်တဲ့ အကောက်ခွန်နှုန်းထားသစ်တွေကြောင့် လက်ရှိမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် လူထုက ကျပ်တည်းနေရာက ပိုမိုဆိုးလာမဲ့ အခြေအနေတွေ ရင်ဆိုင်လာရနိုင်တဲ့အတွက် ပြည်သူတွေအကြားမှာ စိုးရိမ်ပူပန်နေ ကြပါတယ်၊
ပြည်သူတယောက်က “ကျနော်တို့ဆိုရင် ကလေးရှိတော့ ကလေးစားတဲ့ မုန့်တခုပေါ့ဗျာ။ ယိုးဒယားက လာတဲ့ ရေညှိမုန့်လေးတွေ ဒီအာဏာမသိမ်းခင်ကာလကဆိုရင် ရေညှိချပ်လေး တချပ်ကို ၂၀၀၊ ၂၅၀ နဲ့ ဝယ်လာတာ။ အခုဆိုရင် ၁,၃၀၀ လောက်ထိ ရောက်နေပြီ။ ဒါတောင် လိုချင်တိုင်း မရဘူး၊ ပစ္စည်းတွေက ခဏခဏ ပြတ်သေးတယ်။ စိတ်ညစ်တာပေါ့ဗျာ။ ပိုပူပန်တာပေါ့၊ အစောကြီးကတည်းက ကုန်ဈေးနှုန်းတွေက အဆမတန် ကြီးနေတာကနေ ဒီအခွန်တွေ တိုးမြှင့်ကောက်ခံမယ်ဆိုတော့ ပိုဆိုးလာမယ်၊ ကုန်ဈေးနှုန်းတွေ ပိုမြင့်လာဖို့ပဲ ရှိတယ်” လို့ ပြောပါတယ်။
ထုပ်ပိုးရာမှာသုံးတဲ့ ပစ္စည်းတွေနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေမှာပါ အခွန်တိုးလာမှာ ဖြစ်တာကြောင့် သယ်ယူပို့ဆောင်တဲ့ ကုန်ကျစရိတ်တွေ၊ စားသောက်ကုန်လုပ်ငန်းတွေမှာပါ ဈေးတွေ မြင့်လာနိုင်ပါတယ်။
စားသောက်ကုန်လုပ်ငန်းရှင်တယောက်က “ဈေးကလေ တခါတက်ပြီဆို ဝယ်လိုအားတွေက အရမ်းကျသွားတာ။ ကျသွားတဲ့အခါကျတော့ City Mart ဘက်ကလည်း ဈေးတက်တာကို တော်ရုံ တန်ရုံ လက်မခံဘူး။ Customer ဘက်ကလည်း လက်မခံဘူး။ အဲဒီတော့ ကြားထဲမှာ တိုင်ပတ်နေတာပေါ့နော်။ အဲဒီတော့ ဈေးတခုကို ပြောင်းမယ်ဆိုလို့ရှိရင် အနည်းဆုံး ဝယ်လိုအားကျတဲ့ဟာက ၂ လလောက် ရင်ဆိုင်ရတာ။ ဒီ ၄ လပိုင်းက စပြီးတော့လေ အရာရာကလေ တော်တော်ကို ရုန်းကန် နေရတဲ့ ပုံစံမျိုးကို ဖြစ်နေတာပေါ့နော်။ ဒီအတိုင်းသာ ဆက်သွားနေရင် လုပ်ငန်းတော်တော် များများတောင် ရပ်ရမဲ့ ပုံစံတောင် ပေါက်မယ်လို့ ထင်တယ်”လို့ ပြောပါတယ်။
လက်ရှိမှာ အခြေခံကုန်ဈေးနှုန်းတွေက ဆက်တိုက်မြင့်တက်နေပြီး သင်္ကြန်ကာလမတိုင်ခင်က ဈေးကို ပြန်မကျဘဲ ရှိနေရာက အခု မေလ ၁ ရက်နေ့ကစလို့ အခွန်နှုန်းထားတိုးမြှင့်ကောက်ခံမယ်ဆို တခြားသော ကုန်ပစ္စည်းဈေးနှုန်းတွေ ထပ်တက်လာနိုင်တာကြောင့် လုပ်ငန်းရှင်တွေ အပါအဝင် အခြေခံလူထုရဲ့ အကျပ်အတည်းက ပိုဆိုးလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တယောက်ကလည်း ပြောပါတယ်။
“တချို့လုပ်ငန်းတွေက လည်ပတ်ရုံ လည်ပတ်နေတဲ့ လုပ်ငန်းတွေ ရှိတယ်။ တချို့တွေဆို အခုအချိန်မှာ ထွက်သွားတဲ့လုပ်ငန်းတွေ အများကြီးပေါ့နော်။ မိတ်ဆွေတို့ လုပ်ငန်းတွေဆို တချို့တွေ ရပ်တည်လို့မရတော့လို့ လုပ်ငန်းတွေ ရပ်နားလိုက်တာတွေလည်း အများကြီးပေါ့။ ကုန်ဈေးနှုန်းတွေ၊ ပစ္စည်းတွေ၊ expense တွေက ပိုပြီးတော့တိုးလာရုံပဲ ရှိမှာပေါ့။ ဝန်ထမ်းတွေ အနေနဲ့ကျတော့ ပိုပြီးတော့ ခက်ခဲသွားနိုင်တာပေါ့နော်။ သူတို့အနေနဲ့ လက်ရှိ ကာလမှာ တောင် ရုန်းကန် နေရတဲ့အချိန်မှာ အခြေခံကုန်ဈေးနှုန်းတွေ တက်လာ မယ်၊ သူတို့အနေနဲ့ သုံးစွဲ နေရတဲ့ ပစ္စည်းတွေက ဈေးတွေပိုတက်သွားမယ်ဆိုရင် ပိုခက်ခဲဖို့ရာကလွဲပြီး ဘာမှမရှိဘူးပေါ့နော်။ ဒါကတော့ သေချာပေါက်ဖြစ်မယ့်ကိစ္စပဲ။ အစိုးရအသစ်တွေလည်း ပေါ်လာပြီ၊ ပြောင်းလဲနေပြီ ဆိုတဲ့အခါကျ သူတို့အတွက် အသက်ကယ်ပေါက်လေးများ ရမလား၊ ပိုပြီးကောင်းတဲ့ဟာများ ဖြစ်မလားဆိုပြီးတော့ တချို့ မျှော်လင့်နေကြတဲ့သူတွေ ကြားနေရတာပဲ။ ဒါပေမဲ့ အများကြီး ပြောကြ သလိုပဲ ဒါဖြစ်လာမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။
တိုးမြှင့်လိုက်တဲ့ ပြည်ပတင်သွင်းကုန်တွေမှာတော့ ငါးနဲ့ ရေထွက်ပစ္စည်းက ၁၀ ရာခိုင်နှုန်းထိ အများဆုံး တိုးလာတာဖြစ်ပြီး နို့နဲ့ နို့ထွက်ပစ္စည်းက ၂ ရာခိုင်နှုန်း၊ ထောပတ်၊ ဒိန်ခဲ၊ လက်ဖက်ခြောက်က ၅ ရာခိုင်နှုန်း၊ မုန့်၊ ခေါက်ဆွဲ၊ bakery တို့က ၅ ရာခိုင်နှုန်း၊ စက်ဆီ/ချောဆီ က ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ပလတ်စတစ်ပစ္စည်းတွေက ၅ ရာခိုင်နှုန်း၊ တာယာနဲ့ ကျွတ်က ၅ ရာခိုင်နှုန်း၊ စက္ကူနဲ့ စက္ကူ ပစ္စည်းတွေက ၂ ရာခိုင်နှုန်း၊ စတဲ့ ကုန်ပစ္စည်း အမျိုးအမည်ပေါင်း ၂၅၂ မျိုးကို ထပ်မံတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။










