DVB Logo
Home
နိုင်ငံတကာ
တရားမဝင် ဆန္ဒပြပွဲများကို ပိတ်ပင်မည်ဟု ပြင်သစ်သမ္မတ မက်ခရွန် ပြော
DVB
·
October 23, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ပြင်သစ်နိုင်ငံမှာ လူနေမှုစရိတ် မြင့်တက်လာတာ၊ စာသင်ကျောင်းတွေရဲ့ အခြေအနေ ဆိုးရွားနေတာနဲ့ ပတ်သက်ပြီး နောက်ထပ်ပေါ်လာမဲ့ ဆန္ဒပြပွဲအသစ်တွေကို အာဏာပိုင်တွေဘက်က ကန့်သတ် တားမြစ်လိုက်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကနေ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးသော လမ်းပေါ်တက် အကြမ်းဖက်မှုတွေကို ဖြစ်ပွားစေခဲ့ပြီးနောက် အခုလိုမျိုး ပိတ်ပင်လိုက်တာပါ။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကတော့ ညမထွက်ရ ကာဖျူးအမိန့်နဲ့ တခြား လုံခြုံရေးအစီအမံတွေကို လိုအပ်ရင် လိုအပ်သလို ဆက်လက်ချမှတ်မယ်လို့ ပြောထားပါတယ်။

ဒါကြောင့် လာမဲ့သီတင်းပတ်ကုန်ပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆန္ဒပြပွဲများစွာအတွင်း “တရားမဝင်အဖွဲ့အစည်းတွေ” ကို ဆန္ဒပြခွင့်မပေးဘဲ တားမြစ်သွားမယ် ဆိုပြီး မက်ခရွန်က ဖြည့်စွက် ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြခွင့် ပိတ်ထားတာ မရှိတဲ့နေရာတွေမှာ ဆိုရင်တော့ တရားဝင်ခွင့်ပြုချက်ရထားတဲ့ သမဂ္ဂတွေကသာ ဆန္ဒပြပွဲအသစ်ကို ကျင်းပခွင့်ရှိမယ်လို့လည်း ဆိုပါတယ်။

အခုတပတ် စနေနေ့ အပါအဝင် အဲဒီနောက်ပိုင်းရက်တွေမှာပါ လိုင်ယွန်နဲ့ မာဆေးလ်မြို့က အာဏာပိုင်တွေဟာ “ဆန္ဒပြပွဲမှန်သမျှကို” အလုံးစုံတားမြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က ကြေညာထားပါတယ်။

ဒါ့အပြင် ဂရန်နိုဘလယ်၊ ဟူးအန်း၊ လူအဲဗာနဲ့ တူးလွန် စတဲ့ တခြားမြို့တွေကတော့ မြို့လယ်ခေါင် ဆန္ဒပြတာကိုသာ ပိတ်ထားပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်မဲ့ ဆန္ဒပြပွဲအသစ်တွေနဲ့ ပတ်သက်ပြီး “နောက်ထပ် ဆောင်ရွက်ရမဲ့ အဆင့်တွေကို” အဆုံးအဖြတ်ပေးဖို့ အဓိကကျတဲ့ ဝန်ကြီးတွေနဲ့အတူ ကာကွယ်ရေးကောင်စီ အစည်းအဝေးတရပ် ကျင်းပဖို့ ရှိတယ်လို့လည်း သိရပါတယ်။

တချိန်တည်းမှာ ပြင်သစ်မြို့တော် ပါရီရဲ့ အကြီးမားဆုံး အနုပညာပြပွဲဖြစ်တဲ့ Art Basel Paris ကတော့ ဆန္ဒပြပွဲတွေကြောင့် မူလသတ်မှတ်ထားတဲ့ အချိန်ထက် ၂ ရက်စောပြီး အစီအစဉ်တွေကို ရုပ်သိမ်းမဲ့အကြောင်း အတည်ပြုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013