
နိုင်ငံတကာ ပူးပေါင်းစစ်ဆင်ရေးတခုအတွင်း ကိုကင်းကီလိုဂရမ် ၅၀၀ ကျော် (တန်ဝက်ကျော်) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဟန်ဂေရီရဲတပ်ဖွဲ့က ဇွန် ၂ ရက်မှာ ပြောပါတယ်။
ဒီဖမ်းဆီးမှုကို ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီနဲ့ ဂျာမနီနိုင်ငံတွေက အာဏာပိုင်တွေ ပူးပေါင်းကူညီမှုနဲ့ လုပ်ဆောင်ခဲ့တာပါ။
မူးယစ်ဆေးဝါးတွေကို ဘူဒါပတ်စ်မြို့က ချက်ပဲလ်ဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ငှက်ပျောသီး သေတ္တာပေါင်း ၇,၀၀၀ ကို လိုက်လံရှာဖွေ ဖြည်ချခဲ့ရာကနေ စုစုပေါင်း အလေးချိန် ၅၂၂ ကီလိုဂရမ် ရှိတဲ့ ကိုကင်းတုံး ၄၃၈ တုံးကို ကုန်တင်စင်တခုပေါ်မှာ ရှာဖွေတွေ့ရှိခဲ့တာလို့ ဟန်ဂေရီရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒါဟာ ဟန်ဂေရီနိုင်ငံသမိုင်းမှာ အများဆုံးပမာဏအဖြစ် စံချိန်တင်ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အမျိုးအစားဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ဖြည့်စွက်ပြောပါတယ်။
ဟန်ဂေရီရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ မူးယစ်ဆေးဝါးရှာဖွေရေးခွေးတွေက ငှက်ပျောသီး သေတ္တာတွေကို လိုက်လံ အနံ့ခံကာ မူးယစ်ဆေးဝါးတွေကို ရှာဖွေနေပြီး အဲဒီသေတ္တာ တွေကို အလေးချိန်တိုင်းတာ၊ ဖွင့်ဖောက်ပြီးတော့ ကိုကင်း ဟုတ်၊ မဟုတ် စစ်ဆေးနေတာတွေကို တွေ့ရပါတယ်။
ဒုတိယမြောက် စစ်ဆင်ရေးတခုမှာလည်း နောက်ထပ် ကိုကင်း ၇၂ ကီလိုဂရမ်ကို ထပ်မံ ဖော်ထုတ် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Source: Reuters










