
အီကွေတာနားက အပူပိုင်းပစိဖိတ်သမုဒ္ဒရာမှာ အားအလွန်ကောင်းတဲ့ အယ်လ်နီညိုရာသီဥတု အခြေအနေရှိနေပြီး မြန်မာနိုင်ငံကိုလည်း အကျိုးသက်ရောက်မယ်လို့ မိုးလေဝသဌာနနဲ့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ နိုင်ငံတကာ ရာသီဥတုဗဟိုဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံ ခန့်မှန်းသုံးသပ်ချက်တွေအရ ၂၀၂၆ ခုနှစ်ကုန်ပိုင်းမှာ အယ်လ်နီညို အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသဌာနကလည်း အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အယ်လ်နီညိုဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်ပေမဲ့ အကျိုးသက်ရောက်မှုကတော့ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်တာ၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်တာ၊ လာမဲ့ဆောင်းရာသီနဲ့ နွေရာသီကာလမှာ နေ့အပူချိန်မြင့်တာ၊ မိုးခေါင်ရေရှားတာ စတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်ပြီး သက်ဆိုင်ရာကဏ္ဍတွေအလိုက် ကြိုတင် ပြင်ဆင်နိုင်ကြဖို့လည်း သတိပေးပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ အယ်လ်နီညိုရဲ့ သက်ရောက်မှုကြောင့် ဆည်ရေ ကန်ရေ သိုလှောင်နိုင်မှု လျော့နည်းပြီး စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် စိန်ခေါ်မှုတွေ ရှိလာနိုင်သလို ပုံမှန်ထက် အပူချိန်မြင့်တက်တာကြောင့် သီးနှံတွေညှိုးနွမ်းတာ၊ မြေဆီလွှာရေငွေ့ပြန်နှုန်း မြင့်မားတာနဲ့ တောမီးအန္တရာယ် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ပြီးတော့ ဘင်္ဂလားပင်လယ်အတွင်း သီးခြားမုန်တိုင်းငယ်တွေ ရုတ်တရက် အားကောင်းလာနိုင်တဲ့ အန္တရာယ်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အပူချိန် မြင့်တက်တာကြောင့် မြန်မာ့ကမ်းရိုးတန်း အပါအဝင် အရှေ့တောင်အာရှ ပင်လယ်ပြင်က သန္တာကျောက်တန်းတွေ အရောင်လွင့်တာ၊ ငါးသယံဇာတ ရွှေ့ပြောင်းတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ပထမ ၁၀ ရက်အတွက် မိုးလေဝသဌာနက ခန့်မှန်းထုတ်ပြန်ချက်မှာတော့ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့မှာတော့ ရွာသွန်းမြဲထက် လျော့နိုင်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ၇ ရက်ကနေ ၉ ရက်လောက်၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာတော့ ၄ ရက်ကနေ ၆ ရက်လောက် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
နေ့အပူချိန်အနေနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ အောက်တိုဘာလ ပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက် ပိုနိုင်ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာတော့ အောက်တိုဘာလ ပျမ်းမျှအပူချိန်လောက်ပဲ ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ညအပူချိန်တွေကတော့ တနိုင်ငံလုံးမှာ အောက်တိုဘာလ ပျမ်းမျှအပူချိန်လောက်ပဲ ရှိမယ်လို့ ဆိုပါတယ်။










