
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းက ကျေးရွာ ၁၀၀ လောက်ဟာ ဇူလိုင်လကုန်ပိုင်းကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ရေကြီးနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ကောလင်းအရှေ့ဘက်ခြမ်းက စိန်ပန်းကုန်း၊ ခံသာ၊ ဝါးသီးကုန်း စတဲ့ကျေးရွာတွေအပြင် လမ်းဘေးဝဲယာက စစ်ရှောင်ပြည်သူတဲတွေနဲ့ အနောက်ခြမ်းက ဆီဆုံ၊ ညောင်ဝန်း၊ လှည်းပွဲ၊ ဝါးရုံခုံ၊ ကြို့ခုံ၊ ကသစ်ကုန်း၊ တောင်ယာကြီးတော၊ သဖန်းကုန်း စတဲ့ရွာတွေအပါအဝင် ရေဘေးသင့်ကျေးရွာ ၁၀၀ လောက်အထိရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရေဘေးသင့်ကူညီနေသူတယောက် “ရေဘေးသင့် လူဦးရေစာရင်း အတိအကျတော့ မသိရပါဘူး။ ကျေးရွာ ၁၀၀ ခန့်တော့ရှိပါတယ်။ လတ်တလော ကုန်းမြင့်ပိုင်းမှာရှိတဲ့ ဒေသခံတွေနဲ့ ယာယီနေထိုင်စားသောက်နေကြပါတယ်။ ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်ချက်တွေရှိပါတယ်။ ကုန်သွယ်မှုပြတ်တောက်နေတဲ့အတွက် ကြာလာရင် စားရေးပြဿနာ ကြုံရနိုင်ပါတယ်” လို့ ပြောပါတယ်။
နှစ်စဉ်ရေကြီးတာမဟုတ်ပေမဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ အင်းတော်၊ ဗန်းမောက်၊ ဝန်းသို၊ ပင်လည်ဘူး ဘက်ကကျလာတဲ့ရေတွေကြောင့် ကောလင်းမြို့နယ်အတွင်းမှာ အခုလိုရေကြီးနစ်မြုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “၂၀၁၅ ခုနှစ်က အခြေအနေတော့မမီသေးဘူးဗျ။ ဒါပေမဲ့ ပြောလို့တော့မရဘူး။ မိုးမပြတ်ရင် အဲဒီတုန်းကထက် သာသွားနိုင်တယ်။ လက်ရှိကတော့ စစ်ဘေးရှောင်တွေရော၊ ဒေသခံတွေရော ဆုံးရှုံးမှုတွေကတော့ရှိနေတာပဲ” လို့ ပြောပါတယ် ။
ဒါဟာနှစ် ပေါင်း ၆၀ ကျော်အတွင်း ဒုတိယအကြိမ်မြောက် ရေကြီးတာဖြစ်ပြီး ပထမအကြိမ် ၂၀၁၅ ခုနှစ်တုန်းကလည်း တလကျော်ကြာ ရေဘေးဒုက္ခကြုံခဲ့ရဘူးတယ်လို့ ဒေသခံတွေကဆိုပါတယ်။
Photo : ဒေသခံ










