
ရာထူးက ဆင်းပေးရနိုင်ခြေများတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာနဲ့ သူ့နေရာ ဆက်ခံနိုင်ခြေရှိတဲ့ ပြိုင်ဘက်တွေအနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့သာ ဆက်ဆံရေး ချောမွေ့အောင်လုပ်ဖို့ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက တိုက်တွန်းလိုက်ပါတယ်။
လေဘာပါတီဟာ နိုင်ငံရေးအရ အလယ်အလတ်လမ်းစဉ်ကို စွန့်လွှတ်ပြီး အဆုံးမရှိ အလွဲတွေ လုပ်နေမယ်ဆိုရင် လာမဲ့ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှာပဲလို့ မေ ၂၆ ရက်က ထုတ်ပြန်တဲ့ ဆောင်းပါးမှာ ဘလဲက သတိပေးပါတယ်။
လူမှုဖူလုံရေး သုံးစွဲမှုတွေ လျှော့ချဖို့၊ ရေနံနဲ့ ဓာတ်ငွေ့အပေါ် ကန့်သတ်မှုတွေကို စွန့်လွှတ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ အသားတင်သုည (net zero) လှုပ်ရှားမှုတွေ မလုပ်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
ခိုင်မာတဲ့မူဝါဒမရှိဘဲ စတာမာကို ရာထူးကဖယ်ရှားဖို့ ကြိုးစားတာဟာ ပါတီနဲ့ နိုင်ငံရဲ့အနာဂတ်ကို ထိခိုက်စေတယ်လို့ သူက ဆိုပါတယ်။
အီရန်-အမေရိကန် စစ်ပွဲအပေါ် လက်ရှိအစိုးရရဲ့ ချဉ်းကပ်ပုံကိုလည်း ဘလဲက ဝေဖန်ခဲ့ပြီး ဗြိတိန်ဟာ အမေရိကန် ယုံကြည်ရတဲ့ မဟာမိတ်ဖြစ်ဖို့ အရေးကြီးတယ်လို့ ထောက်ပြပါတယ်။
အလုပ်သမားအခွင့်အရေး ဥပဒေကြမ်းနဲ့ အခွန်တိုးမြှင့်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း ဗြိတိန်စီးပွားရေးအတွက် အဟန့်အတားဖြစ်စေတယ်လို့ ဝေဖန်ပါတယ်။
အခုလို ဝေဖန်မှုတွေအပေါ် လေဘာပါတီ ထိပ်တန်းတာဝန်ရှိသူတယောက်ကတော့ ဘလဲဟာ လူမှုဒီမိုကရက်တစ် တန်ဖိုးတွေကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း တုံ့ပြန်ပါတယ်။
လက်ရှိအစိုးရမှာ ပြောင်းလဲနေတဲ့ကမ္ဘာကြီးနဲ့ ကိုက်ညီတဲ့ စီမံကိန်းမရှိဘဲ သမားရိုးကျ လက်ဝဲယိမ်းမူဝါဒတွေနဲ့သာ အုပ်ချုပ်နေတယ်လို့ ဝန်ကြီးချုပ်ဟောင်းက အပြစ်တင်ခဲ့ပါတယ်။
ဥရောပသမဂ္ဂ (EU) နဲ့ သဘောတူညီချက်အသစ် ပြန်လုပ်ဖို့ ကြိုးစားတာဟာလည်း ၂၀၂၆ ခုနှစ် ဗြိတိန်ရဲ့ ဆိုးရွားနေတဲ့ အခြေအနေအတွက် အဖြေမဟုတ်ဘူးလို့ သူက ဆိုပါတယ်။










