
တောင်ဒဂုံမြို့နယ် ၁၀၅ ရပ်ကွက်မှာ အသက် ၄၀ အရွယ်အမျိုးသားတယောက်အား အုပ်ချုပ်ရေးမှူးအမိန့်နဲ့ ရုံးခေါ်ပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက ရိုက်နှက်ခဲ့တာကြောင့် ဇူလိုင် ၁၇ ရက်မှာ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဇူလိူင် ၁၄ ရက် ညနေ ၅ နာရီခွဲက ၁၀၅ မြဝတ်ရည်လမ်း အိမ်အမှတ် ၇၇၁ မှာ မိသားစုနဲ့စကားများနေတဲ့ အသက် ၄၀ အရွယ် ဦးမြတ်ကိုကိုကို ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခေါ်ပြီး ရိုက်နှက်ရာမှ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ရပ်ကွက်နေသူတယောက်က “သူ့မိသားစုနဲ့ စကားများရန်ဖြစ်နေတာ၊ အုပ်ချုပ်ရေးမှူးအမိန့် လာခေါ်တာဆိုပြီး ရုံးတံခါးပိတ်ပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ဝိုင်းရိုက်တာ ဒဏ်ရာတွေနဲ့မေ့သွားတယ်။ မိသားစုဝင် သွားခေါ်တဲ့အချိန် သတိမရလို့ ဆေးရုံကိုပို့ထားတာ ဇူလိုင်လ ၁၇ ရက်မှာ ဆုံးသွားတယ်” လို့ ပြောပါတယ်။
ရိုက်နှက်ခံရပြီးနောက် သတိလစ်နေတဲ့ ဦးမြတ်ကိုကို အား သင်္ယန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်ရာ လက်မခံတာကြောင့် မြောက်ဥက္ကလာပဆေးရုံကြီး ပို့ဆောင်ကုသခဲ့ရပြီး ဇူလိုင် ၁၇ ရက် မနက် ၁၁ နာရီခွဲမှာ ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါ ရိုက်နှက်မှုနဲ့ ပတ်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တိုင်ကြားစာရောက်ထားပြီး အာဏာရှင်စစ်တပ်အုပ်ချုပ်ရေးဘက်က ဖြေရှင်းခြင်းမရှိကြောင်း Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“၁၀၅ ရပ်ကွက်ကိစ္စ ထွေအုပ်ကိုလည်း တိုင်ထားတယ်ကြားတယ်။ ဒါပေမဲ့ ထွေအုပ်ဘက်က ဘယ်နေ့စစ်ဆေးမယ်ဆိုတာ မသိရသေးဘူး။”
သားဖြစ်သူသေဆုံးမှုနဲ့ပတ်သက်ပြီး မိခင် ဒေါ်ကေခိုင်နဲ့မိသားစုဝင်တွေက ဇူလိုင် ၁၈ ရက်မှာ အမျိုးသားရေးဆရာတော် ဦးပါမောက္ခဆီသွားပြီး အကူအညီတောင်းတဲ့ ရုပ်သံဗီဒီယိုလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခု ဇွန် ၂၄ ရက် မနက်ကလည်း လှည်းကူးမြို့နယ် မြို့မ (၈/၁) ရပ်ကွက်မှာ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးတယောက်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုခေါ်ပြီး ရိုက်နှက်ခဲ့တာကြောင့် ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး ၄ ယောက် ဖမ်းဆီးခံရတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။
အလားတူ ၂၀၂၄ ခုကလည်း ဒလမြို့နယ် မှော်စက်ရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဦး ထွန်းထွန်းစိုးက လူငယ်တယောက်အား အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူရိုက်ခဲ့တာကြောင့် သေဆုံးခဲ့ပေမဲ့ အရေးမယူနိုင်သေးပါဘူး။











