ဘင်္ဂလားဒေ့ရှ်အလယ်ပိုင်းက ရွာတရွာမှာ ဟိန္ဒူဘာသာဝင်တွေက ရင်ဘတ်တွေ၊ လက်မောင်းတွေနဲ့ မျက်နှာတွေကို တောက်ပတဲ့ အနီရောင် ဆေးခြယ်သထားပြီး ရှီဗာနတ်ဘုရားရဲ့ ဒဏ္ဍာရီလာ စစ်သည်တော်တွေအဖြစ် ပြောင်းလဲခဲ့ကြပါတယ်။
ခေါင်းကနေ ခြေဖျားအထိ အနီရောင် ဆေးလိမ်းထားတဲ့ အမျိုးသားတွေဟာ ဧပြီ ၁၃ ရက်မှာ မွန်ရှီဂန်ဂျ် ရွာရဲ့ လမ်းတွေပေါ်မှာ ဓားတွေကို ကောင်းကင်ဆီ မြှောက်တင်ရင်း နှစ်စဉ် ကျင်းပနေကျ လာလ်ကုချ် ပွဲတော်အတွက် စီတန်းလှည့်လည် ချီတက်ခဲ့ကြပါတယ်။
ဒီပွဲတော်ဟာ ဘင်္ဂါလီ ပြက္ခဒိန်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ချိုင်ထရာ စန်ခရန်တီကို အမှတ်အသားပြုပြီး ပိုကောင်းမွန်တဲ့နှစ်သစ်အတွက် မျှော်လင့်ချက်တွေကို ဆောင်ကြဉ်းပေးခဲ့ပါတယ်။
ရာစုနှစ်များစွာ ကြာနေပြီ ဖြစ်တဲ့ ဒီအခမ်းအနားဟာ ဟိန္ဒူနတ် ဘုရား ရှီဗာနဲ့ သူ့ဇနီး ပါရ်ဗတီတို့ကို ဂုဏ်ပြုပြီး ကိုးကွယ်သူတွေက အနီရောင်ဟာ ရှီဗာရဲ့ တပ်မတော်က သုံးတဲ့ အရောင်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
ရိုးရာအစဉ်အလာအရ နနွင်းမှုန့်နဲ့ ထုံးကျောက်ကို ရောစပ် ပြုလုပ်ထားတဲ့ အနီရောင်ခြယ်ပစ္စည်းဟာ သန့်စင်မှု၊ ခွန်အားနဲ့ ရဲစွမ်းသတ္တိကို ကိုယ်စားပြုပါတယ်။
ဒေသခံယုံကြည်မှုအရ ဒီအခမ်းအနားဟာ နှစ်သစ်မစတင်မီ အပျက်သဘောဆောင်တဲ့ အင်အားတွေကို မောင်းထုတ်ဖို့ နတ်စစ်သည်တွေနဲ့အတူ ရှီဗာက ကမ္ဘာမြေဆီ ဆင်းသက်လာခြင်းကို ကိုယ်စားပြုပါတယ်။
ဒီပွဲတော်ဟာ ရပ်ရွာအနှံ့က လူအုပ်ကြီးကို ဆွဲဆောင်ခဲ့ပြီး မွတ်စလင်နဲ့ ဟိန္ဒူရွာသားတွေက စီတန်းလှည့်လည်မှုကိုကြည့်ဖို့ လမ်းတွေတလျှောက် ဘေးချင်းယှဉ်လျက် တန်းစီလိုက်ပါ ခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ် မွတ်စလင်စီးပွားရေးသမား အာနစ် ဘီပါရီက “ဒီပွဲတော်ဟာ ကျနော်တို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်လို့ ပြောခဲ့ပြီး ဟိန္ဒူနဲ့ မွတ်စလင်တွေ ပွဲတော်မှာ ပျော်ပျော်ရွှင်ရွှင် စုဝေးခဲ့ကြတယ်”လို့ ထပ်ပြောခဲ့ပါတယ်။
နေဝင်ချိန်အထိ အနီရောင်စစ်သည်တွေက ဘုရားကျောင်းကွင်းပြင်တခုထဲမှာ ကခုန်နေကြပြီး ရွာသားတွေက အရောင်၊ စည်းချက်နဲ့ ပြန်လည်ဆန်းသစ်ခြင်းအတွက် ကတိကဝတ်တွေနဲ့ အတူတကွ ချည်နှောင်ထားခဲ့ကြပါတယ်။
Source: Reuters











