
အစ္စရေးက အီရန်နိုင်ငံတဝန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ပွဲကို အနည်းဆုံး နောက်ထပ် သီတင်း ၃ ပတ် ဆက်တိုက်ဖို့ အသေးစိတ်စီမံချက်တွေရှိတယ်လို့ မတ် ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အစ္စရေးစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နာဒက်ဗ်ရှိုရှာနီက “ဒီအစိုးရ တတ်နိုင်သမျှ အားနည်းသွားအောင်နဲ့ သူတို့ရဲ့ လုံခြုံရေးယန္တရား အစိတ်အပိုင်းအားလုံးကို ချိုးနှိမ်ပစ်ချင်တယ်” လို့ ပြောပါတယ်။
အစ္စရေးလေတပ်ဟာ တီဟီရန်၊ ရှီရက်ဇ်နဲ့ တာဘရစ်ဇ် မြို့တွေမှာရှိတဲ့ အီရန်အာကာသအစီအစဉ်နဲ့ ဆက်စပ်နေတဲ့ နေရာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပစ်ခတ်မှုတွေကြောင့် ကလေးငယ် အယောက် ၂၀၀ အပါအဝင် အီရန်အရပ်သား ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘာ့စ်အာရက်ချီက ဆိုပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာ လက်နက်ကိုင်တွေကို ပစ်မှတ်ထားတဲ့ အကန့်အသတ်နဲ့ မြေပြင်စစ်ဆင်ရေးတွေ စတင်နေပြီလို့ ကြေညာထားပါတယ်။
လက်ရှိမှာ အစ္စရေးတပ်မ ၃ ခုက လက်ဘနွန်တောင်ပိုင်းကို ဝင်ရောက်စစ်ဆင်နေပြီး နောက်ရက်ပိုင်းမှာ နောက်ထပ် တပ်မ ၂ ခု ထပ်မံပူးပေါင်းဖို့ ရှိနေပါတယ်။
လစ်တာနီမြစ်တောင်ဘက်ပိုင်းက ဒေသခံတွေအားလုံး ချက်ချင်းထွက်ခွာကြဖို့ အစ္စရေးစစ်တပ်က အရေးပေါ် အမိန့်ထုတ်ပြန်ထားပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ဘက်မှာ ကလေးငယ် ၁၀၇ ယောက် အပါအဝင် လူပေါင်း ၈၅၀ အနည်းဆုံး သေဆုံးခဲ့ပြီး ၈ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
အစ္စရေးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဇိဗ် အယ်လ်ကင် ကတော့ ဟစ်ဇ်ဘိုလာတွေ လက်နက်မချမချင်း အလျှော့ပေးမှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။
Source: Reuters











