
အစ္စရေးနိုင်ငံ ရွေးကောက်ပွဲမှာ သူ့ရဲ့မဟာမိတ်ဖြစ်သူ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ထောက်ခံတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
“နေတန်ယာဟုက သန်မာတယ်၊ ရဲရင့်တယ်။ ကြီးမားတဲ့ ဆန့်ကျင်မှုတွေ ရင်ဆိုင်နေရတဲ့ ထူးချွန်သူတဦးပါ။ လာမဲ့ အစ္စရေးဝန်ကြီးချုပ်သစ် ရွေးကောက်ပွဲအတွက် နေတန်ယာဟုကို အပြည့်အဝ ထောက်ခံပါတယ်” လို့ ထရမ့်ပ်က ရေးသားထားတာပါ။
နေတန်ယာဟုကလည်း သူ့ကို အမေရိကန်က အပြည့်အဝ ထောက်ခံထားကြောင်း၊ အီရန်စစ်ပွဲ မပြီးသေးကြောင်းနဲ့ ဗွီဒီယိုထုတ်လွှင့်မှုကနေ မဲမပေးရသေးတဲ့ အစ္စရေးပြည်သူတွေကို မဲဆွယ်စည်းရုံးခဲ့တာလည်း တွေ့ရပါတယ်။
အစ္စရေးနိုင်ငံဟာ အောက်တိုဘာ ၂၇ ရက်မှာ အမျိုးသားရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေ တိုက်ခိုက်မှုနောက်ပိုင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပတာ ဖြစ်ပါတယ်။
အစ္စရေးဟာ ၂၀၂၃ ခုနှစ်ကတည်းက ဂါဇာမှာ စစ်ပွဲဆင်နွှဲခဲ့ပြီး အမေရိကန်နဲ့အတူ အီရန်ကို စစ်ပွဲ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။
လာမဲ့ရွေးကောက်ပွဲဟာ အစ္စရေးနိုင်ငံသမိုင်းတလျှောက် လွှမ်းမိုးမှုအရှိဆုံးအဖြစ် နေရာယူထားတဲ့ နေတန်ယာဟုနဲ့ ဗဟိုဝါရီတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
နေတန်ယာဟုဟာ ၁၉၉၆ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ ၂၀၀၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ အစ္စရေးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်ကစပြီး လက်ရှိအချိန်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
ဒါ့ကြောင့် နေတန်ယာဟုဟာ အစ္စရေးနိုင်ငံရဲ့ သမိုင်းတလျောက် ဝန်ကြီးချုပ်ရာထူးကို ၁၉ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းအကြာဆုံးသူအဖြစ် မှတ်တမ်းဝင်နေပါတယ်။
Source: Reuters











