၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်မှာ ပြင်သစ်အသင်းက ဒမ်ဘီလီရဲ ဟက်ထရစ် ၃ ဂိုးအပါအဝင် (၄-၁) ဂိုးနဲ့ နော်ဝေအသင်းကို အနိုင်ရပြီး နောက်တဆင့် ရှုံးထွက်အဆင့်ကို အုပ်စု ဗိုလ်အဖြစ်တက်ရောက်သွားပါတယ်။
နော်ဝေအသင်းကလည်း ဒီပွဲမှာရှုံးနိမ့်ခဲ့ပေမဲ့ အုပ်စု ဒုတိယနေရာကနေ နောက်တဆင့် ၃၂ သင်းရှုံးထွက်အဆင့်ကိုတက်ရောက်သွားပါတယ်။
အမေရိကန်နိုင်ငံ၊ မာဆာချူးဆက်ပြည်နယ်၊ ဘော့စတွန် အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇွန် ၂၆ ရက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်နဲ့ နော်ဝေတို့ ပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ အူစမန် ဒမ်ဘီလီက ပထမပိုင်းမှာပဲ ပွဲချိန် ၇ မိနစ် ၊ မိနစ် ၂၀နဲ့ ၃၂ မိနစ်တွေမှာ ဟတ်ထရစ် ၃ ဂိုးသွင်းယူပေးခဲ့တာပါ။
အခုနှစ် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင် ပြင်သစ် ကစားသမား ဒမ်ဘီလီရဲ့ ဟက်ထရစ်ဟာ ကမ္ဘာ့ဖလားသမိုင်းတလျှောက်မှာ ဒုတိယမြောက် အမြန်ဆုံး ဟက်ထရစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီပွဲမှာ ပြင်သစ်အသင်းဟာ ပွဲစကတည်းက လွှမ်းမိုးထားနိုင်ခဲ့ပြီး ပွဲချိန် ၇ မိနစ်မှပဲ အမ်ဘာပေရဲ့ ဖန်တီးပေးမှုကနေတဆင့် ဒမ်ဘီလီက နော်ဝေနောက်ခံလူတွေကို ကျော်ဖြတ်ကာ အဖွင့်ဂိုး သွင်းယူခဲ့ပြီး ပွဲချိန် မိနစ် ၂၀ မှဦ ဒမ်ဘီလီကပဲ အလျှင်အမြန် တန်ပြန်တိုက်စစ်မှတဆင့် ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။
ဒါပေမဲ့ ၇၉ စက္ကန့်အကြာမှာပဲ နော်ဝေအတွက် ချေပဂိုးကို ရိန်းဂျားစ်တိုက်စစ်မှူး သီလို အားစဂတ်က ပြင်သစ်ဂိုးသမား မိုက်မိဂ်နန်ကို ကျော်ဖြတ်ကာ သွင်းယူခဲ့ပါတယ်။
ပွဲချိန် ၃၂ မိနစ်တွင်မှာတော့ ဒမ်ဘီလီက သူရဲ့ ဒုတိယဂိုးနဲ့ ပုံစံတူပဲ နော်ဝေ ဂိုးသမား ဆဲလ်ဗစ်ကို ကျော်ဖြတ်ကာ ဟက်ထရစ်ဂိုးကိုသွင်းယူခဲ့တာပါ။
ဒုတိယပိုင်းမှာ အော်စကာ ဘော့ဘ်ကြောင့် နော်ဝေအသင်း ပင်နယ်တီရရှိခဲ့ပေမဲ့ ဂျော်ဂန် စထရန်း လာဆင်ရဲ့ ပင်နယ်တီကန်ချက်ကို မိုက်မိဂ်နန်က ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် မိနစ် ၉၀+၄ နာကျင်အချိန်ပိုမှာတော့ ပြင်သစ်အသင်းက လူစားဝင်ကစားသမား ဘာကိုလာရဲ့ ဖြတ်တင်ဘောမှတဆင့် ဒူအေးက ခေါင်းတိုက်ကာ ပြင်သစ်အတွက် စတုတ္ထမြောက် အပိတ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
တတိယမြောက် နိုင်ပွဲဆက်ခဲ့တဲ့ ပြင်သစ်အသင်းဟာ ဒီနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာလည်း ဖလားရဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေပြီး နောက်တဆင့်မှာ ဆွီဒင်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပြင်သစ်တောင်ပံကစားသမား အူစမာန်ဒမ်ဘီလီကလည်း ဒီပြိုင်ပွဲမှာ ၄ ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုအတွက် အလားလာရှိတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေပါတယ်။
နောက်တဆင့်တက်ဖို့ သေချာထားပြီးဖြစ်တဲ့ နော်ဝေအသင်းကလည်း ဝါရင့်တိုက်စစ်မှူး ဟာလန်းကို ဒီပွဲမှာ အနားပေးထားပြီး ပွဲထွက်လူစာရင်းကို ၁၀ နေရာအထိ အပြောင်းအလဲပြုလုပ် ကစားသွားပါတယ်။
အုပ်စုတွင်း နောက်ထပ်ပွဲစဉ်တခုဖြစ်တဲ့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမှာကစားခဲ့ကြတဲ့ အီရတ်နဲ့ ဆီနီဂေါတို့ပွဲစဉ်မှာတော့ ကစားသမားတယောက် ထုတ်ပယ်ခံရတဲ့ အီရတ်အသင်းကို ဆက်ခ်၊ ဆား၊ အင်ဒီယာယေးနဲ့ ဂွီယေး (၂ ဂိုး) တို့ရဲ့ သွင်းဂိုးတွေနဲ့ (၅-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ဆီနီဂေါဟာ အကောင်းဆုံးအုပ်စုတတိယရအသင်းတသင်းအဖြစ် နောက်တဆင့် ရှုံးထွက် ၃၂ သင်းအဆင့်သို့ တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ရှင်သန်နေဆဲဖြစ်ပါတယ်။
Source: SkySports/ BBC










