DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ် တိုက်တွန်း 
DVB
·
April 20, 2026
Photo: REUTERS/Mohammad Ponir Hossain
Photo: REUTERS/Mohammad Ponir Hossain
Donate to DVB

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခါလီလာရာမန်က တိုက်တွန်းလိုက်ပါတယ်။

တူရကီနိုင်ငံမှာ ဧပြီ ၁၇ ရက်က ကျင်းပတဲ့  Antalya Diplomacy Forum ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တောင်းဆိုလိုက်တာပါ။

ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုအကူအညီပေးရုံသာမက ပြန်လည်နေရာချထားရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပြီး ဒီအကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ အဖြေဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းမှာပဲ ရှိတယ်လို့ သူက အလေးပေး ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဒုက္ခသည်တွေအတွက် ရန်ပုံငွေ တိုးမြှင့်ပေးဖို့လည်း တိုက်တွန်းလိုက်ပြီး ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းလည်း ပြောပါတယ်။

ဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ ရန်ပုံငွေတွေ လျော့နည်းလာတာကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားပြီး ရခိုင်ပြည်နယ်မှာ တည်ငြိမ်မှု၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် အရေးပေါ်လုပ်ဆောင်ရင်း အလှူရှင်တွေအနေနဲ့ ငွေကြေးထောက်ပံ့မှုတွေ တိုးမြှင့်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဝန်ကြီး ရာမန်က “ရိုဟင်ဂျာအကျပ်အတည်းဟာ ဖြေရှင်းနိုင်တဲ့ ပြဿနာတခု ဖြစ်ပေမဲ့ စုစည်းညီညွတ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစပျိုးမှုနဲ့ တစိုက်မတ်မတ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရွေးကောက်ပွဲအပြီး မြန်မာစစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) နှစ်ဖက်စလုံးက သူ့ကို ကြိုဆိုခဲ့ကြတာဟာ သံတမန်ရေးရာ အခွင့်အလမ်းတခု ဖြစ်နိုင်တယ်လို့လည်း ဝန်ကြီး ရာမန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရွေးကောက်ပွဲမှာ အနိုင်ရပြီး အသစ်တက်လာတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ရဲ့  နိုင်ငံခြားရေးဝန်းကြီး ဒေါက်တာ ခါလီလာရာမန်ထံကို အာရက္ခတပ်တော် (AA) ရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ရက္ခိုင့်အမျိုးသားအဖွဲ့ (ULA)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့  ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရော စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ကပါ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်တုန်းက လူမျိုးတုံးသတ်ဖြတ်မှုလို့ နိုင်ငံတကာက စွပ်စွဲထားတဲ့  မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးအတွင်း သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြပြီး အခုအချိန်အထိလည်း မြန်မာနိုင်ငံမှာ လုံခြုံမှုမရှိသေးလို့ နေရပ်မပြန်နိုင်ကြသေးပါဘူး။  

မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေထဲမှာ အလွန်ဆင်းရဲနွမ်းပါးတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ မလေးရှား၊ အင်ဒိုနီးရှား ထိုင်းနိုင်ငံနဲ့ တခြားတတိယနိုင်ငံတွေမှာ လုံခြုံရေးနဲ့ အခွင့်အလမ်းတွေ ရှာဖွေဖို့ မျှော်လင့်ချက်နဲ့ ပင်လယ်ပြင်ကနေ စွန့်စားပြီ ထွက်ခွာနေကြတာလည်း ရှိပါတယ်။ 

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပင်လယ်ဖြတ်ခရီးစဉ်တွေမှာ ၂၀၂၅ ခုနှစ်အတွင်း  ဒုက္ခသည် ၉၀၀ လောက် ပျောက်ဆုံး ဒါမှမဟုတ် သေဆုံးခဲ့ကြောင်းနဲ့ ဒီအရေအတွက်ဟာ စံချိန်တင် မြင့်တက်လာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

Source: BDNews24 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013