
ငဝန်ရေကာတာ ကျိုးပေါက်မှုအရှိန်ကြောင့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ လူနဲ့ တိရစ္ဆာန်တွေ အများအပြား ရေစီးနဲ့ မျောပါခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
လေးမျက်နှာမြို့နယ်မှာ ငဝန်ရေကာတာ ကျိုးပေါက်မှုကြောင့် ဝင်ရောက်လာတဲ့ ရေစီးအရှိန်နဲ့ သြဂုတ် ၂ ရက် ညပိုင်းက လူ ၁၄ ယောက်နဲ့ အိမ်မွေးတိရစ္ဆာန် အများအပြား ရေစီးနဲ့ မျောပါခဲ့ပြီး လူ ၁၁ ယောက်ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်နိုင်ခဲ့ကာ လူ ၃ ယောက်နဲ့ တိရစ္ဆာန်တွေ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူက “ကူညီကယ်ဆယ်နိုင်သူတွေလည်း ရှိတယ်။ သတင်းအဆက်အသွယ် မရသူတွေလည်း ရှိနေပါတယ်။ အဓိကက အဆက်အသွယ် မရတာကြောင့် ကူညီကယ်ဆယ်ရတာ ခက်ခဲနေတာ” လို့ ပြောပါတယ်။
ရေစီးနဲ့အတူ ဝက်တွေ၊ ဆိတ်တွေ၊ နွားတွေ၊ ကြက်၊ ဘဲတွေ၊ ခွေးနဲ့ ကြောင်တွေ စတဲ့ အိမ်မွေးတိရစ္ဆာန်တွေ ရေစီးနဲ့ မျောပါပျောက်ဆုံးနေလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သြဂုတ် ၃ ရက်အထိ ဆက်လက်ရှာဖွေ ကယ်ဆယ်နေရတယ်လို့ သိရပါတယ်။
ဒေသခံ ရေဘေးသင့်မိသားစုဝင်တယောက်က “မိုးက သိပ်မရွာပေမဲ့ ရေက တိုးလာနေပါသေးတယ်။ တချို့နေရာတွေဆို အိမ်ခေါင်အထိ ရေနစ်မြုပ်နေတယ်။ ဖုန်းဆက်ရ ခက်ခဲနေတယ်” လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ်ထဲက ဂျမ်းကုန်း၊ ညောင်ပင်ဝဲ၊ ရွာသစ်ကုန်း၊ မသဲကုန်း၊ မြစ်ကျိုး၊ ကျွန်းတဲ့၊ သခွပ်ချောင်း၊ ကွမ်းခြံကုန်း စတဲ့ကျေးရွာတွေက အရပ်သားတွေနဲ့ တိရစ္ဆာန်တွေ ရေစီးနဲ့ မျောပါခဲ့တာလို့ သိရပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းတဲ့ဒဏ်ကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက လေးမျက်နှာမြို့နယ် ဂျမ်းကုန်းကျေးရွာအနီးမှာရှိတဲ့ ငဝန်ရေကာတာ ပေ ၅၀ ကျော် ကနဦး ကျိုးပေါက်ခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေကာ လက်ရှိ ပေ ၁၂၀ လောက်အထိ ကျိုးပေါက်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ရေကာတာ ကျိုးပေါက်တာကြောင့် လေးမျက်နှာမြို့နယ်ထဲက ကျေးရွာ ၁၆ ရွာနဲ့ ရပ်ကွက် ၆ ရပ်ကွက် အဆိုးဆုံး ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေပြီး နေအိမ်အလုံး ၂၀ ထက်မနည်း ရေစီးနဲ့ မျောပါနေတယ်လို့ သိရပါတယ်။
လတ်တလောအနေနဲ့ ရေဘေးသင့်ဒေသခံတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက နီးစပ်ရာ မိသားစုတွေဆီနဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေဆီကို အရေးပေါ် ပြောင်းရွှေ့ပေးနေတယ်လို့ သိရပါတယ်။










