
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဩဂုတ် ၁၉ ရက်ကနေ ၂၀ ရက် ညပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ်ရေတက်လာပြီး မြစ်ကမ်းနံဘေး နေထိုင်ကြတဲ့ ဒေသခံတွေ ရေဘေးလွတ်ကင်းရာနေရာကို ရွှေ့ပြောင်းနေထိုင်နေရပါတယ်။
မြစ်ရေတက်လာလို့ မြဝတီမြို့ရဲ့ အနိမ့်ပိုင်းနေရာတွေဖြစ်တဲ့ အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၅ ရပ်ကွက်တွေမှာ မြစ်ရေ စတင်ဝင်ရောက်လာတယ်လို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့ပေါ် လမ်းတချို့မှာလည်း ရေကြီးရေလျှံမှုကြောင့် အမှိုက်တွေ လမ်းပေါ်ကို လျှံတက် ပေါ်ထွက်လာကာ အမှတ် ၁ ရပ်ကွက် သောင်ရင်းမြစ်ကမ်းစပ်ရှိ အွန်လိုင်း ကာစီနိုတချို့ကိုလည်း ယာယီပိတ်ထားရကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့မှာလည်း မြစ်ရေတက်လာလို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၁ အနီးက ထိုင်းစျေးသည်တချို့ ဆိုင်တွေကို ယာယီပိတ်ထားကြပါတယ်။
မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ရေ ကြီးမှုကြောင့် မြဝတီနဲ့ မဲဆောက် နှစ်ဖက်စလုံးမှာ ရေဘေးသင့်မိသားစုဝင် ထောင်ချီရှိနေပြီး မြစ်ရေတွေဟာ ကရင်ပြည်နယ်၊ ဘားအံမြို့ကို သီတင်းတပတ်အတွင်း ရောက်ရှိ စီးဝင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဖိုးစီ
Photo: CJ











