
ဂင်းနစ်မှတ်တမ်းဝင် အသက် ၁၀၀ ကျော် ဘရာဇီးနိုင်ငံက ညီအစ်မ ၃ ဖော်ဆီကနေ အသက်ရှည်ရှည်နေနိုင်မဲ့ နည်းလမ်းတွေကို သိပ္ပံပညာရှင်တွေက ရှာဖွေနေပါတယ်။
ဘရာဇီး ညီအစ်မ ၃ ယောက်စလုံး အသက် ၁၀၀ ကျော်တွေဖြစ်ပြီး လက်ရှိ အသက်အရှည်ဆုံး သက်ရှိထင်ရှားရှိတဲ့ ညီအစ်မ ၃ ဖော်အဖြစ် ဂင်းနစ်မှတ်တမ်းမှာ စံချိန်တင်ထားပါတယ်။
အိုမင်းခြင်းရဲ့ နောက်ကွယ်က ဇီဝဖြစ်စဉ်တွေကို လေ့လာဖို့ ဆော်အိုပေါ်လိုတက္ကသိုလ်က သိပ္ပံပညာရှင် မာယာနာဇတ် ဦးဆောင်ပြီး လေ့လာမှုတခု ပြုလုပ်သွားမှာပါ။
လူတချို့ဟာ အသက်ကြီးလာပေမဲ့ မှတ်ဉာဏ်ကောင်းမွန်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုလည်း ကောင်မွန်နေတာကြောင့် ဒီညီအစ်မ ၃ ဖော်ရဲ့ အသက်ရှည်မှုက သိပ္ပံပညာရဲ့ လေ့လာမှုကို အထောက်အကူဖြစ်နိုင်ဖွယ် ရှိပါတယ်။
လေ့လာသူတွေက အသက် ၉၀ ကျော် ဘိုးဘွားတွေနဲ့ အသက် ၁၀၀ ကျော် ဘိုးဘွားတွေရဲ့ ကြံ့ခိုင်မှု၊ မှတ်ဉာဏ်ဆုတ်ယုတ်လာမှုတွေ၊ နာတာရှည်ရောဂါတွေကို နှိုင်းယှဉ်ပြီး အသက်ရှည်ရတဲ့ အကြောင်းအရင်းကို လေ့လာမှာပါ။
“DNA စစ်ဆေးပြီး အကာအကွယ်ပေးတဲ့ ဗီဇတွေကို ရှာဖွေမှာပါ။ လူတွေရဲ့ အသက်ရှည်မှုကို ဖြစ်စေတဲ့ ဗီဇတွေ အများကြီးရှိတယ်ဆိုတာ သိထားပါတယ်။ အသက်ရာကျော်နေတဲ့သူတွေ များလေလေ လေ့လာမှုက ပိုပြီး တိကျလေလေပါပဲ” လို့ ဇတ်က ပြောပါတယ်။
အသက်ရှည်ကြတာက မျိုးရိုးဗီဇ လက်ခံရရှိမှုက ကျန်းမာရေးအတွက် အဓိကကျတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။
ရီယိုဒီဂျနေရိုးမှာနေကြတဲ့ ညီအစ်မ ၃ ဖော်ဟာ တယောက်က အသက် ၁၀၃ နှစ်၊ နောက်တယောက်က ၁၀၄ နှစ်နဲ့ နောက်ဆုံးတယောက်က အသက် ၁၀၉ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။
အဲဒီ ညီအစ်မ ၃ ဖော်ရဲ့ စားသောက်ပုံနဲ့ လူနေမှုပုံစံတို့ကို မှတ်တမ်းယူထားပြီး အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်ကို လေ့လာမှာဖြစ်ပါတယ်။
အသက် ၁၀၃ နှစ်အရွယ်ရှိ ဇူလီနာ ဆိုတဲ့ အဘွားက အရာအားလုံးက လတ်လတ်ဆတ်ဆတ်ပဲ စားဖြစ်ကြောင်း၊ ရေခဲသေတ္တာ အသုံးမပြုကြောင်း၊ ငယ်စဉ်က ရေကူးတာနဲ့ ငါးမျှားတာကို လုပ်လေ့ရှိကြောင်း ဖွင့်ဟထားပါတယ်။
အသက် ၁၀၀ ကျော်တဲ့ ဘိုးဘွားတွေကို လေ့လာပြီး အသက်ရှည်ခြင်းဟာ လူနေမှုပုံစံထက် ဗီဇအရေးပါပုံ နှလုံးကျန်းမာရေး၊ ကြွက်သားနဲ့ အသက်ကြီးလာချိန် မှတ်ဉာဏ်ကောင်းမွန်မှုတို့နဲ့ ပတ်သက်လို့ အကာအကွယ်ဖြစ်ပုံတွေကို ပိုပြီးနားလည်လာမယ်လို့ လေ့လာသူတွေက မျှော်လင့်နေကြပါတယ်။
Source: Reuters










