
စစ်ကိုင်းတိုင်း တမူးမြို့နယ်နဲ့ နယ်စပ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် ကန်ဂျောင်ခရိုင်၊ ဆာခန်းလော့ဒ်ရွာမှာ ဇူလိုင် ၁ ရက်က လူနေအိမ် ၃၀ ကျော်မီးရှို့ခံခဲ့ရပြီး အဲဒီထဲက ၁၈ အိမ်က မြန်မာစစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင် ၁ ရက် မွန်းလွဲ ၂ နာရီလောက်မှာ လက်နက်ကိုင်လူတစုက ကျေးရွာထဲဝင်လာပြီး နေအိမ်တွေ ကို မီးရှို့ခဲ့တာလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
အိမ်ပိုင်ရှင်တွေကိုလည်း ဘာပစ္စည်းမှ ယူခွင့်မပေးဘဲ နေအိမ်တွေထဲက ထွက်ခိုင်းပြီး အိမ်တွေကို မီးရှို့ခဲ့တဲ့အကြောင်း စစ်ဘေးရှောင်တယောက်က ပြောပြပါတယ်။
“အရင်ဆုံး မသေချင်ရင်ပြေးဆိုပြီး သေနတ်တွေနဲ့ ရွာတွေထဲကို ဝင်လာတယ်၊ ပြီးတော့ ကျနော်တို့ အိမ်ကို မီးရှို့တယ်၊ မီးရှို့တဲ့ အချိန်မှာ ကျနော်တို့က မီးလေးနည်းနည်းစွဲတာနဲ့ မီးငြှိမ်းမယ်လုပ်မဲ့ အခါကျတော့ သူတို့က မငြှိမ်းနဲ့တဲ့ သေနတ်နဲ့ ချိန်ထားတဲ့ အခါကျတော့ ကျနော်တို့က မငြှိမ်းရဲ တော့ဘူး၊ စင်တာကလူတွေ အကုန်ထွက်ပြေးကြတော့ မရှိကြတော့ဘူး၊ ကျနော်ကတော့ မီးကြား ထဲမှာပဲရတဲ့ ပစ္စည်းလေးတွေကို ထုတ်ခဲ့တယ်။”
နေအိမ်မီးလောင်သွားတဲ့ စစ်ဘေးရှောင်တွေဟာ စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲ တွေကြောင့် မဏိပူရ်ပြည်နယ် ဆာခန်းလော့ဒ်ရွာမှာ စစ်ဘေးရှောင်နေကြတာ ၃ နှစ် ကျော်ရှိပြီ ဖြစ်ပါတယ်။
ဆာခန်းလော့ဒ်ရွာ တရားဝင်စစ်ဘေးရှောင်စခန်းပြုလုပ်ပေးထားပြီး အာဏာပိုင်တွေဘက်က စစ်ရှောင်တွေအတွက်လည်း ဒုက္ခသည် အသိအမှတ်ပြုကတ်တွေ ထုတ်ပေးထားပါတယ်။
“အခုဒီမှာနေလာတာ ၃ နှစ်ကျော်ရှိလာပြီဆိုတော့ အစစအရာရာက ပြန်လည်တည်ထောင်ပြီးသား နေသားကျနေသလိုလည်းဖြစ်နေပြီ။ ရုတ်တရက်ကြီးလာလို့ မထင်မှတ်ထားတဲ့အချိန်မှာ အခုလို လာလုပ်သွားတာဆိုတော့ ဘာမှလည်း ယူလိုက်ချိန်မရဘူး အကုန်လုံးဆုံးရှုံးမှုတွေက အကုန်လုံး၊ မီးလောင်တဲ့အိမ်တွေက ဘာတခုမှမရလိုက်ဘူး၊ ဘဝပျက်ပြီပေါ့နော်၊ အဖွဲ့အစည်းနဲ့ ပတ်သက်လို့ တော့ ကျမတို့ပြည်သူတွေက မှန်းချက်ထုတ်လို့မရဘူး၊ လက်နက်ကိုင် အဖွဲ့အစည်းတခုခုက လာလုပ် သွားတာ။”
အဲဒီနေအိမ်တွေကို ဘယ်အဖွဲ့က မီးရှို့ခဲ့တာလဲ ဆိုတာကိုတော့ DVB ကမေးတဲ့ စစ်ရှောင်တွေက ထုတ်မပြောပါဘူး။
လက်ရှိမှာ မီးရှို့ခံရတဲ့ နေအိမ်ပိုင်ရှင်တွေ ပြည်သူ ၈၀ ကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး မိုးရာသီကာလအတွက် ပြန်လည်ထူထောင်ဖို့ အခက်အခဲတွေရှိနေပါတယ်။
သူတို့ရဲ့ နေရပ်ဖြစ်တဲ့ တမူးခရိုင်က အောင်ဇေယျကျေးရွာ၊ စိုးသာယာ၊ သနန်ကျေးရွာတွေကိုလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ပြန်ခွင့်မရသေးပါဘူး။ အခုလို စစ်ဘေးရှောင် စခန်းက နေအိမ် တွေ အကြောင်းမဲ့ မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး စစ်ဘေးရှောင်တွေက တရားမျှတမှုရဖို့ အလိုရှိ နေကြပါတယ်။
သီရိ










