
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု (J) ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ အယ်လ်ဂျီးရီးယားအသင်းတို့ အမေရိကန်နိုင်ငံ၊ ကန်းဆပ်မြို့ အားကစားကွင်းမှာ ဒီနေ့မနက်က ယှဉ်ပြိုင်ကစားသွားခဲ့ရာမှာ လီယွန်နယ် မက်ဆီက ဟတ်ထရစ် သွင်းယူနိုင်ခဲ့ပြီး အာဂျင်တီးနား အသင်းက (၃-၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက အယ်လ်ဂျီးရီးယားအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဆုကာကွယ်ပွဲကို စတင်နိုင်ခဲ့သလို အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာလည်း ဟက်ထရစ်ဂိုးနဲ့ အတူ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ဂိုးသွင်းအများဆုံးစံချိန်ကို ပူးတွဲပိုင်ဆိုင်သူ ဖြစ်လာခဲ့ပါတယ်။
ဘာလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၈ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားပွဲတွေမှာ သွင်းဂိုးစုစုပေါင်းကို ၁၆ ဂိုးအထိ ရှိလာပြီး ဂျာမနီ ကစားသမား ကလိုဆေးနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် အဆင့်တူ ပူးတွဲရပ်တည်နိုင်ခဲ့တာပါ။
မက်ဆီဟာ အာဂျင်တီးနားနိုင်ငံအသင်းအတွက် အကြိမ် ၂၀၀ မြောက် ပါဝင်ကစားပေးခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ သူ့ရဲ့ ပထမဆုံး ဟက်ထရစ် ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီး သူ့ရဲ့ ဘောလုံး ကစားသမားဘဝ ၆၁ ကြိမ်မြောက် ဟက်ထရစ်လည်း ဖြစ်ပါတယ်။
ဒီဲပွဲမှာ အာဂျင်တီးနားက ခြေအသာနဲ့ ကစားသွားခဲ့ပြီး ပွဲချိန် ၃ မိနစ်မှာ အယ်လ်ဂျီးရီးယားအသင်းဘက်က သွင်းဂိုးတဂိုး ရခဲ့ပေမဲ့ VAR ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ ပြန်လည် ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။
ဒီနောက် မကြာခင်မှာ မက်ဆီဟာ တဂိုး သွင်းယူခဲ့ပေမဲ့ လူကျွံဘောအဖြစ် သတ်မှတ်မှတ်ခံရလို့ ဂိုးအဖြစ် အသိအမှတ်မပြုဘဲ ပယ်ဖျက်ခံခဲ့ရကာ ပွဲစတင်ချိန်ကတည်းကပွဲက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ အလွန်အမင်း အရှိန်မြင့်တက်ခဲ့ပါတယ်။
ပွဲချိန် ၁၇ မိနစ်မှာတော့ အင်တာမိုင်ယာမီ အသင်းဖော် ရိုဒရီဂို ဒီ ပေါလ်ထံမှ ဘောလုံးကို လက်ခံရယူပြီးနောက် မက်ဆီက အာဂျင်တီနားအတွက် ဗွေဇော်ဦး အဖွင့်ဂိုးကို လှပစွာ ကွေးညွတ်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းအတွက် ဒုတိယဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ လောက်မှာ ပြင်သစ်ဂန္ထဝင် ဇီနဒင်ဇီဒန်းရဲ့ သားဖြစ်သူ ဂိုးသမား လူကာ ဇီဒန်းရဲ့ အမှားကို မက်ဆီက အမိအရ ဆွဲယူကာ ဂိုးဧရိယာအတွင်း အနီးကပ် ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီနောက် ပွဲချိန် ၇၆ မိနစ်မှာတော့ နီကိုလပ်စ် ဂွန်ဇာလက်စ်ထံကနေ ဘောလုံးကို ရယူကာ ဂိုးဧရိယာအစပ်ကနေ ပြင်းထန်တဲ့ ကန်ချက်နဲ့ ဂိုးထောင့်ထဲသို့ အဝေးကန်သွင်းယူခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်တိုင်တိုင် ပါဝင်ကစားခွင့်ရတဲ့ မက်ဆီက သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ဟက်ထရစ်ကို ရရှိခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ အုပ်စုတွင်းပွဲစဉ်အဖြစ် သြစတြီးယား၊ ဂျော်ဒန်တို့နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ကာကွယ်ဖို့နဲ့ ၄ ကြိမ်မြောက် ဆုဖလားရရှိဖို့ ရည်မှန်း နေတာ ဖြစ်ပါတယ်။
Source:Sky Sports/BBC Sport










