
ဂျပန်ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ KDDI ကော်ပိုရေးရှင်းနဲ့ ဆူမီတိုမိုကော်ပိုရေးရှင်းတို့အနေနဲ့ မြန်မာစစ်အာဏာရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နဲ့ ပူးပေါင်းဆောင်ရွက်နေမှုကို အဆုံးသတ်ဖို့ Justice For Myanmar (JFM)၊ Mekong Watch နဲ့ ဂျပန်အခြေစိုက် အဖွဲ့အစည်း ၅ ဖွဲ့တို့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ အခြေစိုက်တဲ့ အဆိုပါတယ်လီကွန်း နည်းပညာကုမ္ပဏီနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး ၂ ခုအနေနဲ့ မြန်မာနိုင်ငံကနေ တာဝန်ယူမှုရှိစွာ ချက်ချင်းထွက်ခွာဖို့ ဇွန် ၂ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ကြတာပါ။
မြန်မာစစ်တပ်က အာဏာသိမ်းထားတဲ့ ၅ နှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့ အင်တာနက်အသုံးပြုမှုဟာ ကမ္ဘာပေါ်မှာ ကန့်သတ်ပိတ်ပင်မှု အများဆုံးစာရင်းထဲ ပါဝင်လာခဲ့ပြီး၊ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဟန်ပြရွေးကောက်ပွဲနဲ့အတူ စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ်ပိတ်ဆို့ ထောက်လှမ်းမှုတွေဟာ အဆင့်တိုးမြှင့်လာတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက တရုတ်ကုမ္ပဏီ Geedge Networks နဲ့ ပူးပေါင်းပြီး တရုတ်နည်းပညာတွေကို အသုံးပြုကာ အရပ်သားပြည်သူတွေကို ခြေရာခံတာ၊ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေကို စစ်တပ်လက်အောက်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းလုပ်ငန်း MPT က စတင်သုံးခဲ့တယ်လို့ JFM က ထောက်ပြပါတယ်။
ဒါ့အပြင် MPT ဟာ စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြဝတီသတင်းတို့လို ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုက်တွေအတွက် ဝက်ဘ်ဆိုက်လွှင့်တင်မှု ဝန်ဆောင်မှုတွေကိုလည်း ဆက်လက်ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။
MPT လုပ်ငန်းစုဟာ လက်ရှိ စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC) နဲ့ Sumitomo၊ KDDI တို့အကြား ဖက်စပ်တည်ထောင်ထားတဲ့ KDDI Summit Global Myanmar (KSGM) ကတဆင့် ပူးတွဲလည်ပတ်နေတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ MPT ကို ဆက်လက်ပံ့ပိုးနေမှုဟာ စစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်တာတွေကို အားပေးကူညီရာရောက်နိုင်တယ်လို့ ထုတ်ပြန်ထောက်ပြထား ပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က "MPT ဟာ အရပ်သားတွေကို စောင့်ကြည့်ဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့တွေအတွက် လက်ရှိ အသုံးပြုနေတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုယန္တရားရဲ့ အဓိကအစိတ်အပိုင်းတခု ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပြီး ဂျပန်ကုမ္ပဏီတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းအဆုံးသတ်ကာ တာဝန်သိစွာ ထွက်ခွာသင့်ကြောင်း တိုက်တွန်းထားပါတယ်။










