
စစ်အာဏာရှင်အတွက် နိုင်ငံခြားငွေရှာပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍအပေါ် ဥရောပသမဂ္ဂ (EU) က ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ဥရောပ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့တွေက ဧပြီ ၂၀ ရက်မှာ ပူးတွဲ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ယူကေအခြေစိုက် ဘားမားကမ်ပိန်းအဖွဲ့ အပါအဝင် Burma Action Ireland ၊ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) တို့နဲ့ တခြားသော ဥရောပ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူအဖွဲ့ ၁၀ ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးထားတာ ဖြစ်ကာ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားပိတ် ဆို့မှုတွေ သက်တမ်းတိုးဖို့ ပြင်ဆင်နေတဲ့ အကြိုကာလမှာပဲ တောင်းဆိုလိုက်တာပါ။
ဥရောပသမဂ္ဂ (EU) အနေနဲ့ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်ယူမှု ကွင်းဆက်တခုလုံးက ဝန်ဆောင်မှုကုမ္ပဏီတွေ၊ ဘဏ္ဍာရေး ကြားခံဆောင်ရွက်သူတွေ၊ အာမခံကုမ္ပဏီတွေ၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသူတွေနဲ့ အင်ဂျင်နီယာ ကန်ထရိုက်တာတွေအထိ ပိတ်ဆို့မှုဘောင်ကို တိုးချဲ့ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ကို ထောက်ပံ့ပေးရာမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍရဲ့ အဓိကအခန်းကဏ္ဍကို ဥရောပသမဂ္ဂ (EU) က အသိအမှတ်ပြုထားပြီးဖြစ်သလို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ကို EU က ပိတ်ဆို့အရေးယူခဲ့ပါတယ်။
MOGE က မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်မှာရှိနေပြီး ဝင်ငွေရှာဖွေပေးနေတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေအတွက် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနေတယ်လို့ EU က မှတ်ချက်ပြုထားခဲ့တယ်လို့ ဆိုပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့က ရရှိတဲ့ ဝင်ငွေတွေက ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်ကို အားကောင်းစေရုံသာမက အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ရိုက် ငွေကြေးထောက်ပံ့ပေးနေတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာ MOGE ကို ပိတ်ဆို့ထားပေမဲ့ ဥရောပကုမ္ပဏီတွေဟာ နည်းပညာ၊ အင်ဂျင်နီယာ၊ လက်မှတ်ထုတ်ပေးတာ၊ အာမခံနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကိုတော့ ဆက်လက်ပေးဆောင်ခွင့်ရနေဆဲ ဖြစ်သလို အဲဒီဝန်ဆောင်မှုတွေကြောင့် ဓာတ်ငွေ့စီမံကိန်းတွေဟာ ဆက်လက်လည်ပတ်နိုင်ပြီး မြန်မာစစ်တပ်အတွက် ဝင်ငွေတွေ ဆက်လက်ရရှိနေစေတယ်လို့ ထောက်ပြထားပါတယ်။
ဥပမာအားဖြင့် ဆိုက်ပရပ်စ်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Energy Holdings Limited ကုမ္ပဏီက မြန်မာ့ဓာတ်ငွေ့လုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ EU နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတခုဖြစ်သလို သူက ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုကာ ဇောတိကဓာတ်ငွေ့စီမံကိန်းမှာ လုပ်ကိုင်နေပြီး အဲဒီလို ဝန်ဆောင်မှုပေးခြင်းက MOGE နဲ့ စစ်တပ်အတွက် အကျိုးအမြတ်ရရှိစေတဲ့ အခြေခံအဆောက်အအုံနဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ထောက်ပံ့ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာမခံ၊ လက်မှတ်ထုတ်ပေးတာတွေ စာရင်းစစ်တာတွေစတဲ့ ဝန်ဆောင်မှု ကဏ္ဍတွေမှာ ပွင့်လင်းမြင်သာမှု မရှိတာကလည်း စိုးရိမ်စရာဖြစ်လာနေပြီး ဘယ်ကုမ္ပဏီတွေက စီမံကိန်းတွေကို အာမခံထားပေးနေတာကို ရှင်းရှင်းလင်းလင်း မသိရဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့်မို့ ဥရောပသမဂ္ဂ (EU) အနေနဲ့ မြန်မာစစ်တပ်ဆီ စီးဆင်းနေတဲ့ လက်နက်နဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့နဲ့ ဥရောပကုမ္ပဏီတွေ မြန်မာ့ဓာတ်ငွေ့ကဏ္ဍမှာ ပါဝင်ပတ်သက်ခြင်း မရှိစေရေး အခုထက်ပိုပြီးတော့ လုပ်ဆောင်ရမယ်လို့ မြန်မာ့အရေး လှုပ်ရှားတဲ့အဖွဲ့တွေက တိုက်တွန်းထားပါတယ်။










