
ထိုင်းမြောက်က်ပိုင်း၊ ချင်းမိုင်ခရိုင်မှာ အွန်လိုင်းပေါ်ကနေ ငွေလိမ်ခံရတဲ့ အမှုပေါင်း ၁၀,၀၀၀ ကျော် ရှိပြီး အဲဒီထဲမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ အလိမ်ခံရတာ အများဆုံးဖြစ်တယ်လို့ ခရိုင်အုပ်ချုပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၈ ရက်က ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးရုံးမှာ နည်းပညာဆိုင်ရာ ရာဇဝတ်မှုနဲ့ နိုင်ငံခြားသား တွေရဲ့ တရားမဝင်စီးပွါးရေးလုပ်ငန်း တားဆီးနှိမ်နင်းရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကို ခရိုင်ဝန် နိုင်းရတ်ထဖုန်း နရာဒီးဆွန် ဦးဆောင်ကျင်းပခဲ့ပါတယ်။
အဆိုပါအစည်းအဝေးမှာ တရားဥပဒေစိုးမိုးရေး၊ စီးပွါးရေးလုပ်ငန်း၊ ပိုင်ဆိုင်မှုနဲ့ အခွန်အခ စစ်ဆေးရေး၊ ဒေသတွင်း ကာကွယ်ရေးစနစ် ထူထောင်ရေး၊ တိုင်ကြားချက်လက်ခံရေး၊ ပြည်သူ့ဝန်ဆောင်ရေး၊ သတင်းအချက်အလက် ဖြန့်ဝေရေးနဲ့ ဆက်သွယ်ရေး စတဲ့ အကြောင်းအရာနဲ့ ဌာနဆိုင်ရာချင်း ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးခဲ့တယ်။
နည်းပညာဆိုင်ရာ ရာဇဝတ်မှုတားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ချင်းမိုင်ခရိုင်မှာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်ထိ ၁၀ လအတွင်း အွန်လိုင်းမှ တိုင်ကြားချက် ပေါင်း ၁၀,၁၆၃ မှု လက်ခံရရှိခဲ့ကာ အဲဒီထဲက ၇,၆၀၆ မှုမှာ တရားဥပဒေလုပ်ငန်းစဉ်ထဲ ရောက်ရှိပြီး ၅, ၃၈၄ မှု စစ်ဆေးခဲ့တယ်လို့ ခရိုင်ဝန်က ပြောပါတယ်။
ငွေလိမ်တဲ့ ဘဏ်အကောင့်ပေါင်း ၄,၈၁၆ ကို ပိတ်သိမ်းခဲ့ပြီး အမှုနဲ့ သက်ဆိုင်သူကို ဆင့်ခေါ်စာ ၁၉၁ စောင်ထုတ်ပြန်ကာ ဖမ်းဝရမ်း ၈၁ စောင် ထုတ်ပြန်ခဲ့တယ်။ တရားခံကို ဖမ်းဆီးပြီး တရားရုံးပို့ခဲ့တဲ့ အမှုပေါင်း ၆၅ မှုရှိတယ်။ လူမှုကွန်ရက်ပေါ်က ဆက်စပ်ဝက်ဘ်ဆိုဒ်နဲ့ ပေ့ချ် အကောင့်ပေါင်း ၁၄ ,၃၈၄ ကို ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှ လိမ်လည်မှု အများဆုံးဖြစ်ပြီး ဖေ့စ်ဘွတ်ခ်အကောင့် ၁၁,၀၇၇ ခု ပိတ်ပင်ခဲ့တယ်။ ဒါ့အပြင် LINE အကောင့် ၁,၉၇၇ ခု နဲ့ Tik Tok အကောင့် ၁,၃၃၀ ခု ပိတ်ပင်ခဲ့တယ်လို့ သက်ဆိုင်ရာက အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
ဒါ့အပြင် နာမည်ငှား နိုမီနီ ဘဏ်အကောင့်နဲ့ ငွေကြေးစီးဆင်းမှု လမ်းကြောင်းတွေ စောင့်ကြည့် တာမှာ ၁၀ လတာအတွင်း ဘဏ်ကောင်တာနဲ့ ATM စက်မှ ငွေထုတ်ယူမှု ၁၉၆၂ ကြိမ် ရှိခဲ့ပြီး အများစုကို စစ်ဆေးကာ ကျန်စာရင်းတွေကို အရှိန်မြှင့်စစ်ဆေးနေတယ်လို့ ခရိုင်ဝန်က ပြောပါတယ်။
နိုင်ငံခြားသားတွေ မြေယာပိုင်ဆိုင်မှုမှာဆိုရင် နိုင်ငံခြားသားတွေ အစုရှယ်ယာပါဝင်တဲ့ ကုမ္ပဏီ / အဖွဲ့အစည်းပေါင်း ၄၈ ခု စစ်ဆေးခဲ့ပြီး တရားမဝင် မြေယာပိုင်ဆိုင်မှုနဲ့ အမည်ငှား ( နိုမီနီ ) ပိုင်ဆိုင်မှုတွေလည်း ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ရာဇဝတ်မှုတွေ တားဆီးကာကွယ်ရေး၊ ပြည်သူတွေကို ကူညီရေးလုပ်ငန်းမှာ တက်ကြွစွာ ဆောင်ရွက်ဖို့၊ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေ မြန်ဆန်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့ ၊ခရိုင်ရှိ ပြည်သူတွေ ဘေးကင်းလုံခြုံရေး၊ နည်းပညာဆိုင်ရာ ရာဇဝတ်မှုမှ ဆုံးရှုံးနစ်နာမှု ကာကွယ်ပေးရေး၊ နိုင်ငံခြားသားတွေရဲ့ စီးပွါးရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲဖို့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဦးတည်ဖို့လည်း ခရိုင်ဝန်က ညွှန်ကြား သွားပါတယ်။
Source: Chiang Mai News











