အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ အမေရိကန်ဘောလုံးအားကစားနည်းရဲ့ NFL ပြိုင်ပွဲမှာ Kicker - ကန်သွင်းသူအဖြစ် ပြောင်းလဲကစားဖို့ စဉ်းစားနေတယ်ဆိုပြီး အံ့အားသင့်ဖွယ် ပြောသွားပါတယ်။
အမေရိကန်ရဲ့ မေဂျာလိဂ်ဘောလုံးပြိုင်ပွဲ MLS မှာ အချိန်တခု ဝင်ကစားတာကလည်း NFL ဘက်ကို ကူးပြောင်းဖို့အတွက် အထောက်အကူ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အရင်ကတည်းက ကိန်းဟာ အမေရိကန်ဘောလုံးကစားနည်းနဲ့ ဂေါက်ရိုက်တာကို စိတ်ဝင်စားတဲ့အကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကိန်းက သူ့ကစားသမားဘဝရဲ့ နှောင်းပိုင်းကာလရောက်တဲ့အခါ NFL မှာ အနာဂတ်တည်ဆောက်မဲ့ အကြောင်းကို စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြောခဲ့တာပါ။
အခုလိုမျိုး အမေရိကန်ကို သွားကစားဖြစ်ဖို့က နှစ်တချို့ ကြာဦးမှာ ဖြစ်ပေမဲ့လည်း “ဒါဟာ ကျနော် အနည်းငယ် အလေးအနက်ထားပြီး စဉ်းစားကြည့်သွားမဲ့ အရာတခုပါ” လို့ ကိန်းက သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။
အဲဒီနောက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူဟာ ပင်နယ်တီကန်သွင်းနေကျ အတွေ့အကြုံကြောင့် NFL Kicker အဖြစ် ဝင်ကစားမယ်ဆိုရင် အားသာချက် ရှိနိုင်တယ်ဆိုပြီး ဖြည့်စွက်ပြောပါတယ်။
“ကျနော် တကယ်လုပ်ဖြစ်ပြီဆိုရင် အသေအချာကို ပြင်ဆင်သွားမှာပါ။ အဲဒီမတိုင်ခင် ၆ လကနေ တနှစ်အထိ အချိန်ယူပြီး လေ့ကျင့်ရနိုင်တယ်” လို့လည်း ဆိုပါတယ်။
ဒါ့အပြင် MLS မေဂျာလိဂ်မှာ ပြောင်းကစားတာက အမေရိကန်ဘောလုံးနဲ့ အင်္ဂလိပ်ဘောလုံးလိုမျိုး မတူညီတဲ့ အားကစားနည်း ၂ ခုကို ပေါင်းစပ်နိုင်မဲ့ နည်းလမ်းတခု ဖြစ်တယ်လို့ပါ ဖော်ပြထားပါတယ်။
အလားတူ အားကစားနယ်ပယ် ကူးပြောင်းသွားတဲ့ ဥပမာတွေ ရှိခဲ့ဖူးပြီး ဒါဟာ Dallas Cowboys အသင်းရဲ့ Kicker - ဘရန်ဒန် အော်ဘရီ နဲ့ Detroit Lions အသင်းရဲ့ Kicker - ဂျိတ်ခ်ဘိတ်စ် တို့ပဲ ဖြစ်ပါတယ်။
လက်ရှိ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကိန်းရဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှု တိုးတက်မှုရှိတဲ့အလျောက် မကြာခင်မှာ တရားဝင် ကြေညာသွားဖို့ ရှိနေပါတယ်။











