
မြန်မာ့ရိုရားအမွေအနှစ် သနပ်ခါးကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲ ထည့်သွင်းဖို့ စိစစ်သုံးသပ်ရေးအဖွဲ့ (Evaluation Body) က ထောက်ခံ အကြံပြုထားတယ်လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ သိရပါတယ်။
၂၀၂၅ ခုနှစ်က မြန်မာ့သနပ်ခါးကို ယဉ်ကျေးမှုဓလေ့အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ထည့်သွင်းနိုင်ဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။
မြန်မာ့သနပ်ခါးကို စိစစ်သုံးသပ်ရေးအဖွဲ့က ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းထားပြီး နောက်ဆုံး အတည်ပြုချက်ကို အစိုးရအချင်းချင်းဆိုင်ရာကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ယဉ်ကျေးမှု ဒု၀န်ကြီးဟောင်းဖြစ်တဲ့ MCHT ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က စိစစ်သုံးသပ်ရေးအဖွဲ့က စာရင်းဝင်သင့်ကြောင်း ထောက်ခံထားပြီး အစည်းအဝေးမှာ အတည်ပြုဖို့ပဲ ကျန်ရှိတာလို့ ရန်ကုန်အခြေစိုက် သတင်းဌာနကို ပြောထားပါတယ်။
တရုတ်ပြည် ရှမင်မြို့မှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အစိုးရအချင်းချင်းကော်မတီရဲ့ ၂၁ ကြိမ်မြောက် ညီလာခံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပဖို့ ရှိနေပါတယ်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ထည့်သွင်းရေး နောက်ဆုံး ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလအတွင်း အတည်ပြုမယ်လို့ ဒေါ်စန္ဒာခင်က အသိပေးထားပါတယ်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဟာ ရာစုနှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပြီး ပုဂံခေတ် ကျောက်စာတွေနဲ့ ရှေးဟောင်းစာပေတွေမှာလည်း သနပ်ခါးအကြောင်း ရေးသားဖော်ပြချက်တွေကို တွေ့ရှိရတာ ဖြစ်ပါတယ်။
သနပ်ခါးပင်ဟာ မြန်မာပြည် အပူပိုင်းဒေသမှာ ပေါက်ရောက်လေ့ရှိပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တချို့မှာ ထွက်ရှိကာ ရွှေဘိုသနပ်ခါးဆိုရင် နာမည်ကျော်ကြားတာ ဖြစ်ပါတယ်။











