
ကျူးဘားနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး လူပေါင်း ၁၀ သန်း လောက် နေ့စဉ်ရက်ဆက် အမှောင်ထဲ ရောက်နေရတာကြောင့် မတ် ၁၆ ရက်က မြို့တော် ဟာဗားနားမှာ ပြည်သူတွေအများအပြား လမ်းပေါ်ထွက်လာပြီး အိုးခွက်ပန်းကန်တွေကို တီးခတ်ကာ အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်ဘက်က ရေနံပိတ်ဆို့မှုကြောင့် ကျူးဘားရဲ့ ခေတ်မမီတော့တဲ့ ဓာတ်အားထုတ်လုပ်ရေးစနစ်ကို ပျက်စီးစေခဲ့ပြီး လျှပ်စစ်ထုတ်လုပ်ရေးစနစ် အားနည်းနေတဲ့ အခြေအနေမှာပဲ မတ် ၁၆ ရက်မှာ လျှပ်စစ်ကွန်ရက်တခုလုံး ပြိုကွဲသွားခဲ့တယ်လို့ နိုင်ငံရဲ့ ဓာတ်အားလိုင်း အော်ပရေတာ ပြောပါတယ်။
အခုရက်ပိုင်းတွေမှာ ဟာဗားနားမြို့အတွင်း နေရာတချို့မှာ လူတွေ အိုးပန်းကန်တွေ ထုခတ်ပြီး မီးပြတ်တာ ကြာမြင့်မှုအပေါ် ဆန္ဒပြနေကြပါတယ်။
မီးပြတ်တာကလည်း နာရီပိုင်း မဟုတ်တော့ဘဲ ရက်နဲ့ချီကြာလာတာကြောင့် လူတွေ စိတ်ပျက်လာကြတာပါ။
အခုရက်ပိုင်းအတွင်း ဟာဗားနားမြို့အနှံ့မှာ အိုးခွက်တီးပြီး ဆန္ဒပြတာတွေ ခဏခဏရှိခဲ့သလို မတ် ၁၄ ရက်တုန်းကလည်း ကျူးဘားမြောက်ပိုင်းမှာ မီးပြတ်လွန်းလို့ဆိုပြီး အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါသေးတယ်။
မီးပြတ်တဲ့ပြဿနာကို အစိုးရက ကောင်းကောင်း မကိုင်တွယ်နိုင်တဲ့အပေါ် မိုရွန်နဲ့ ဆန်တီယာဂိုဒီ ကျူးဘားလို မြို့ကြီးတွေမှာလည်း အလားတူဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ကျူးဘား စွမ်းအင်နဲ့ သတ္တုတွင်းဝန်ကြီးဌာနရဲ့ လျှပ်စစ်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် လာဇာရိုဂွါရာ ကတော့ မီးပြန်ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး အခုတခေါက် မီးပြတ်ရတဲ့ အဓိက အကြောင်းရင်းကိုလည်း အသေးစိတ်စုံစမ်းနေတယ်လို့ ပြောပါတယ်။
လောလောဆယ်တော့ တနိုင်ငံလုံးက ဓာတ်အားခွဲ စက်ရုံငယ်လေးတွေကို အရင်ပြန်နှိုးနေပြီး လျှပ်စစ်ကွန်ရက်ကြီးတခုလုံး ပြန်တက်လာအောင် စနစ်တကျ လုပ်ဆောင်နေပါတယ်လို့လည်း ဆိုပါတယ်။
ဓာတ်အားလိုင်းအော်ပရေတာ UNE မှ အရာရှိတွေကတော့ အဓိက ဓာတ်အားပေးစက်ရုံကြီး ပျက်စီးချို့ယွင်းသွားတာ မဟုတ်ဘူးလို့ ငြင်းဆိုထားပေမဲ့ အဓိကအကြောင်းရင်းကိုတော့ မဖော်ထုတ်နိုင်သေးဘဲ လျှပ်စစ်ဓာတ်အားပို့လွှတ်မှုပိုင်းမှာ ပြဿနာဖြစ်နိုင်တယ်လို့သာ ယူဆနေကြပါတယ်။
လက်ရှိမှာတော့ မီးအားစနစ်ကို အပြည့်အဝ ပြန်လည်လည်ပတ်နိုင်ဖို့ ပထမအဆင့် အရေးကြီးတဲ့ လုပ်ငန်းစဉ် တခုဖြစ်တဲ့ နိုင်ငံတဝန်း အစိတ်အပိုင်းလိုက်နဲ့ မီးပြန်ပေးနိုင်ဖို့ စတင်လုပ်ဆောင်နေပြီလို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကျူးဘားရဲ့ အဓိကထောက်ပံ့သူ ဖြစ်တဲ့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးပြီးနောက်ပိုင်း ကျူးဘားအပေါ် ဖိအားတွေ ပိုပေးလာပါတယ်။
ဗင်နီဇွဲလားကနေ ကျူးဘားကို ရေနံပို့ဆောင်တာတွေကို ဖြတ်တောက်ပစ်သလို ကျူးဘားကို ရေနံရောင်းပေးတဲ့ ဘယ်နိုင်ငံကိုမဆို အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ထားတာကြောင့် ကာရစ်ဘီယံကျွန်းရဲ့ ခေတ်နောက်ကျနေတဲ့ ဓာတ်အားလိုင်းကို ထိခိုက်စေခဲ့ပါတယ်။
ကျူးဘားကတော့ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သောကြာနေ့မှာ ပြောပါတယ်။
သမ္မတ ထရမ့်ပ် ကတော့ ကျူးဘားဟာ ပြိုလဲမဲ့အခြေအနေထိ ရောက်နေတာကြောင့် အမေရိကန်နဲ့ သဘောတူညီချက်ရဖို့ သူတို့ဘက်က အသည်းအသန် ဖြစ်နေတာလို့ ဆိုပါတယ်။
ကျူးဘားပြည်သူတွေကတော့ ရေနံ မလုံလောက်တာကြောင့်ရော၊ လျှပ်စစ်စနစ် ပျက်ကွက်တာကြောင့်ရော မီးပြတ်တာကို နေ့စဉ်လိုလို ကြုံနေရတာ ဖြစ်ပါတယ်။










