ပီရူးလေဆိပ်တွင် သက်ရှိ ပင့်ကူ၊ ကင်းမြီးကောက်နှင့် ကင်းခြေများ ၆၇၇ ကောင် သိမ်းဆည်းရမိ
ပီရူးနိုင်ငံ၊ လီမာမြို့ရှိ ဟော်ဟေးချာဗက်ဇ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရုတ်နိုင်ငံသား ၂ ယောက်ရဲ့ ခရီးဆောင်အိတ်တွေထဲကနေ တရန်တူလာ ပင့်ကူကြီးတွေ၊ ကင်းခြေများနဲ့ ကင်းမြီးကောက်တွေ အပါအဝင် သက်ရှိတောရိုင်းတိရစ္ဆာန် ၆၇၇ ကောင်ကို ပီရူးအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားသစ်တောနဲ့ တောရိုင်းတိရစ္ဆာန် ဝန်ဆောင်မှုဌာန (SERFOR) က နိုဝင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက်က SERFOR ဝန်ထမ်းတွေနဲ့ လေကြောင်းအကောက်ခွန် ဝန်ထမ်းတွေ ပူးပေါင်းပြုလုပ်တဲ့ ရှောင်တခင် စစ်ဆေးမှုတခုအတွင်း အဲဒီတိရစ္ဆာန်တွေကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ SERFOR မှ သစ်တောနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းချုပ်ရေး ပညာရှင် ကိုရာ ဆွာရက်ဇ် က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ တိရစ္ဆာန်တွေထဲမှာ တရန်တူလာ ပင့်ကူကြီး ၃၈၆ ကောင်၊ ကင်းခြေများ ၁၆၆ ကောင်၊ ကင်းမြီးကောက် ၁၁၂ ကောင်နဲ့ ပုတ်သင် ၇ ကောင်တို့ ပါဝင်ပြီး၊ သေဆုံးနေတဲ့ ပုရွက်ဆိတ် ၆ ကောင်ကိုလည်း တွေ့ရှိခဲ့ပါတယ်။
တိရစ္ဆာန်တွေကို ရေစိုစက္ကူပဝါတွေနဲ့ပတ်ကာ ဇစ်ပါတဲ့အိတ်တွေထဲ ထည့်သွင်းပြီး ပလတ်စတစ်ဘူးတွေထဲမှာ ထည့်ထားတာဖြစ်သလို၊ တရန်တူလာ ပင့်ကူတွေ ထည့်ထားတဲ့ ဘူးတစ်ဘူးကိုတော့ အမျိုးသမီး သယ်ဆောင်လာတဲ့ အရုပ်ပုံစံ အမွေးပွ ကျောပိုးအိတ်ငယ်လေးထဲမှာ တွေ့ရှိခဲ့တာလို့ SERFOR က ပြောပါတယ်။
အဲဒီခရီးသည် ၂ ယောက်ဟာ လီမာမြို့ကနေ ပါရီမြို့ကို ပျံသန်းပြီး အဲဒီကတဆင့် နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ တရုတ်နိုင်ငံကို ဆက်လက်သွားရောက်မှာ ဖြစ်သလို၊ ဖမ်းဆီးရမိတဲ့ တိရစ္ဆာန်တွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ သိန်းလောက် ရှိတယ်လို့ ဆွာရက်ဇ် က ပြောပါတယ်။
ဒီမျိုးစိတ်တွေဟာ အရောင်အဆင်း၊ ပုံသဏ္ဌာန်နဲ့ အရွယ်အစား ဆွဲဆောင်မှုရှိတာကြောင့် အိမ်မွေးတိရစ္ဆာန်အဖြစ် ဖမ်းဆီးခံရလေ့ ရှိပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း မရှိတဲ့ အာရှဈေးကွက်မှာ လူကြိုက်များတယ်လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် အားလပ်ရက်ကာလ နီးကပ်လာချိန်မှာ ထူးခြားဆန်းပြားတဲ့ တိရစ္ဆာန်တွေကို လက်ဆောင်ပေးလေ့ ရှိကြတာကြောင့် အာရှနဲ့ ဥရောပ ဈေးကွက်တွေကို ဦးတည်တဲ့ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှုတွေ မြင့်တက်လာလေ့ရှိပြီး၊ ဒါကို တားဆီးနိုင်ဖို့ အခုလို စစ်ဆေးမှုတွေ လုပ်ဆောင်နေတာလို့လည်း ဆွာရက်ဇ်က ဖြည့်စွက်ပြောပါတယ်။
SERFOR ရဲ့ အဆိုအရ ဒါဟာ တလအတွင်း အဲဒီလေဆိပ်မှာ တွေ့ရှိရတဲ့ ဒုတိယမြောက် တရားမဝင် တောရိုင်းတိရစ္ဆာန် တင်ဆောင်မှု ဖြစ်ပါတယ်။











