ပီရူးလေဆိပ်တွင် တာရန်တူလာပင့်ကူ ၃,၀၀၀ ကျော် သိမ်းဆည်းမိ

ပီရူးနိုင်ငံ၊ ကာယောင်းမြို့လေဆိပ်မှာ ဂျာမနီနိုင်ငံကို ထွက်ခွာမဲ့ လေယာဉ်ပေါ် မတက်ရောက်ခင် ခရီးဆောင်အိတ်တွေအတွင်း ခြေအိတ်တွေထဲ ဝှက်ယူလာတဲ့ တာရန်တူလာ ပင့်ကူကောင်ရေ ၃,၀၀၀ ကျော်ကို အာဏာပိုင်တွေက နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်တွေမှာ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသား သစ်တောနဲ့ တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဌာန (Serfor) က ကြေညာပါတယ်။
အမည်မဖော်လိုသူတယောက်ရဲ့ သတင်းပေးပို့ချက်အရ Serfor နဲ့ အကောက်ခွန်အရာရှိတွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာကနေ အဲဒီပင့်ကူတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။
တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာရှင် ကိုရာ ဆွာရက်ဇ်ရဲ့ ပြောကြားချက်အရ ဖမ်းဆီးရမိသူတွေဟာ ဂျာမန်နိုင်ငံသား ၂ ယောက်နဲ့ ပိုလန်နိုင်ငံသားတယောက်တို့ ဖြစ်ကြပြီး တယောက်ကို ခရီးဆောင်အိတ် တလုံးစီ ပါရှိကာ အိတ်တလုံးချင်းစီအတွင်း ခြေအိတ် ၁၅ အိတ် ကနေ ၂၂ အိတ်အထိ အသီးသီး တွေ့ရှိခဲ့ရကြောင်း၊ အဲဒီခြေအိတ်တခုချင်းစီမှာလည်း ပင့်ကူ အမျိုးအစားနဲ့ ကောင်ရေ အမျိုးမျိုး ပါဝင်နေကြောင်း နိုဝင်ဘာ ၃ ရက်က ကာယောင်းမြို့မှာ ပြုလုပ်တဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။
ပင့်ကူဥတွေ၊ ပင့်ကူပေါက်စတွေနဲ့ အကောင်ကြီးတွေ အပါအဝင် ဖွံ့ဖြိုးမှုအဆင့် အမျိုးမျိုးရှိတဲ့ ပင့်ကူတွေကို အမျိုးအစားအလိုက် စာတမ်းကပ်ထားတဲ့ ခြေအိတ်ပေါင်းများစွာနဲ့ ဝှက်သိမ်းလာခဲ့ ကြတာ ဖြစ်ပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ ပင့်ကူကောင်ရေ ၃,၀၀၀ ကျော်အနက် ဘရာခီပီလ်မား၊ ပမ်ဖှိုဘီးတီးယပ်စ်နဲ့ အဗစ်ယူလာရီးယား မျိုးစုဝင် မျိုးစိတ်တွေကို အဓိကထား ခွဲခြားသိရှိနိုင်ခဲ့ကြောင်း ဆွာရက်ဇ်က ရှင်းပြပါတယ်။
အဲဒီတိရစ္ဆာန်တွေဟာ သူတို့ရဲ့ လှပတဲ့ အရောင်အသွေးနဲ့ ထူးခြားတဲ့ အရွယ်အစားတို့ကြောင့် လူကြိုက်များ ထင်ရှားပြီး အဓိကအားဖြင့် တိရစ္ဆာန်စုဆောင်းသူတွေဆီ ရည်ရွယ် ရောင်းချဖို့ ဖြစ်နိုင်ခြေရှိကြောင်းလည်း ဖြည့်စွက် ပြောပါတယ်။
နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကာယောင်းနဲ့ လီမာမြို့တို့ရှိ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ဌာန ရုံးစိုက်ရာနေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက သိမ်းဆည်းရမိထားတဲ့ ခရီးဆောင် အိတ်တွေနဲ့ တာရန်တူလာ ပင့်ကူတွေကို စစ်ဆေး မှတ်တမ်းတင်နေကြတာကိုလည်း တွေ့ရှိ ရပါတယ်။
နိုင်ငံခြားသား ၃ ယောက်ကို လေယာဉ်လက်မှတ် စစ်ဆေးစဉ်မှာတင် တားဆီးနိုင်ခဲ့ပြီး ပီရူး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှုကျူးလွန်မှုတားဆီးရေး ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။
လက်ရှိမှာတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထူးအစိုးရရှေ့နေရုံးရဲ့ ဦးဆောင်မှုနဲ့ သူတို့ကို ဥပဒေ အတိုင်း အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
Source: Reuters











