
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရောင်းချနေတဲ့ အာရက္ခလောင်ပေါ် ထီလက်မှတ်တွေ ဝယ်လိုအား မြင့်တက်နေတာကြောင့် ရခိုင်က တချို့မြို့နယ်တွေမှာ ထီလက်မှတ်တွေ ပြတ်လပ်သွားပြီး အရောင်းပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စီးပွားရေးအရ အချက်အချာကျတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အပါအဝင် မြို့နယ်တချို့မှာ ထီလက်မှတ်တွေ ရောင်းထွက်သွားပြီဖြစ်တဲ့အတွက် လက်ရှိမှာ ထီလက်မှတ်ရောင်းချမှုတွေကို ရပ်တန့်ထားရတယ်လို့ ကျောက်တော်ဒေသခံ လူငယ် အမျိုးသမီးတယောက်က ပြောပါတယ်။
“ကျောက်တော်မှာ ထီလက်မှတ်က ဝယ်လို့မရတော့ဘူး။ အရောင်းဌာနမှာ မရှိတော့ဘူးလို့ ပြောတယ်။ အကုန်လုံး ရောင်းထွက်သွားတာ။ နောက်ထပ် အသစ်ရိုက်နှိက်ပြီး ရောင်းမလား မရောင်းတော့ဘူးလား ဆိုတာတော့ မသိရသေးဘူး။ မဝယ်လိုက်ရတဲ့သူတွေလည်း မများကြီးပဲ။ ထီထိုးချင်နေကြတာ။”
အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာနက ဦးစီးပြီး ရောင်းချတဲ့ အာရက္ခလောင်ပေါ် ထီလက်မှတ်တွေကို ဇွန် ၁ ရက်မှာ AA ထိန်းချုပ်မြို့နယ်တွေမှာ စတင်ရောင်းချနေတာပါ။
အာရက္ခလောင်ပေါ် ထီလက်မှတ်ကို ပထမဆုအဖြစ် ကျပ်သိန်း ၅၀၀၊ ဒုတိယဆု ကျပ်သိန်း ၃၀၀၊ တတိယဆု ကျပ်သိန်း ၁၀၀ အပါအဝင် ဆုပေါင်း ၃၉ ခု ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
ထီလက်မှတ်ရောင်းရငွေရဲ့ တဝက်ကို ဆုချီးမြင့်ကာ ကျန်တဝက်ကို ရခိုင်ပြည်နယ်အတွင်းရှိ ကျန်းမာရေး၊ ပညာရေး၊ စစ်ရှောင်အရေးတွေမှာ သုံးစွဲသွားမယ်လို့ အာရက္ခပြည်သူ့အစိုးရရဲ့ ဗဟိုအကောက်ခွန်ဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိ မြို့နယ်တချို့မှာ ထီအရောင်းတွေ ယာယီပိတ်ထားရပြီး ထီလက်မှတ်တွေ ထပ်မံရောင်းချ၊ မချကို မသိရသေးဘူးလို့ ULA နဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
“တချို့မြို့နယ်တွေမှာ ပြည်သူတွေရဲ့ ဝယ်ယူအားပေးမှုတွေကြောင့် လောင်ပေါ် ထီလက်မှတ်တွေ ကုန်သွားပါပြီ။ နောက်ထပ် အသစ်တွေ ထပ်ရောက်မလား၊ မရောက်ဘူးလား ဆိုတာတော့ မသိရသေးပါဘူး။ ကျနော်တို့ ခန့်မှန်းထားတာထက် ရောင်းလိုအားကောင်းတယ်လို့ ပြောရမယ်။”
အာရက္ခလောင်ပေါ် ထီရောင်းချမှုဟာ ရခိုင်ပြည်သူတွေအကြား စိတ်ဝင်စားမှု မြင့်တက်နေပြီး ဝယ်ယူမှုတွေလည်း အဆမတန်မြင့်တက်နေတာ ဖြစ်ပါတယ်။
ထီတစောင်ကို ကျပ် ၁,၀၀၀ နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။










