
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့မှာ ဖုန်းဆိုင် နှစ်ဆိုင်ကို ဖောက်ထွင်း ခိုးယူခဲ့သူ ဆယ်ကျော်သက် ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မေ ၁၁ ရက် ညပိုင်းက အေးသာယာမြို့ ရပ်ကွက်(၈)၊ အေးသီရိဈေးနားက ဖုန်းဆိုင်တဆိုင်နဲ့ အဲဒီနားမှာရှိတဲ့ နောက်ထပ်ဖုန်းဆိုင်တဆိုင်တို့ကနေ ဖောက်ထွင်းခိုးယူခဲ့တာပါ။
အဲဒီခိုးယူမှုအတွင်း ကွန်ပျူတာ ၁ လုံးနဲ့ iPhone ၄ လုံး ပျောက်ဆုံးခဲ့ပြီး ရဲတွေက စုံစမ်းစစ်ဆေး ခဲ့ပြီးနောက် မေ ၁၂ ရက် ညပိုင်းမှာ သံသယရှိသူ ၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရ ပါတယ်။
သူတို့ကို အေးသာယာမြို့ ရပ်ကွက်(၉)၊ ဇောတိကရာမ ဘုန်းကြီးကျောင်းလမ်းမပေါ်မှာ ခိုးရာပါ ပစ္စည်းတွေ နဲ့အတူ ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အေးသာယာနယ်မြေရဲစခန်းနဲ့နီးစပ်သူတယောက်က “ဖမ်းမိတဲ့သူတွေက အသက် ၁၄ နှစ်ကနေ ၁၆ နှစ် ဝန်းကျင်အရွယ် ကလေးတွေပါ။ လက်ရှိမှာတော့ ခိုးမှု ပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးရမိသူ မင်းကို၊ ထွန်းထွန်းနဲ့ သဲစုဝေတို့ဟာ အသက်မပြည့်သေးသူတွေဖြစ်တာကြောင့် ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
မြို့ခံတယောက်က“အသက်ငယ်သေးတဲ့အရွယ်မှာ လမ်းမှားရွေးချယ်လိုက်ရင် အနာဂတ်တခုလုံး ထိခိုက်သွားနိုင်ပါတယ်။ ပစ္စည်းတန်ဖိုးထက် ပျောက်ဆုံးသွားတဲ့ယုံကြည်မှုနဲ့ လူငယ်တွေရဲ့ အနာဂတ်က ပိုတန်ဖိုးကြီးပါတယ်။ ကလေးတွေကို အပြစ်ပေးရုံမက လမ်းမှန်ပြန်ရောက်အောင် မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းကပါ ဝိုင်းဝန်းထိန်းကျောင်းဖို့ လိုအပ်ပါတယ်”လို့ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ တောင်ကြီးနဲ့အေးသာယာမြို့နယ်အတွင်း ဆိုင်ကယ်ခိုးယူမှုနဲ့ ဖုန်းခိုးယူမှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။










