
ပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ လုံခြုံရေး၊ စားဝတ်နေရေးပြဿနာတွေကြောင့် နိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ရွှေ့ပြောင်းလုပ်ကိုင်နေရပြီး တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရတာတွေလည်း နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။
မေ ၄ ရက်က ထာ့ဆောင်ယန်း နဲ့ အယုဒ္ဓယမြို့နယ်ထဲမှာ တရားမဝင်မြန်မာနိုင်ငံသား ၂၀ ကျော် အဖမ်းခံရတဲ့နောက် ဒီကနေ့ မေ ၆ ရက် မနက်ကလည်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ နောက်ထပ် ၁၉ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက် နယ်မြေ ၂ ရှိ သောင်ရင်းမြစ်ထဲမှာ လှေစီးပြီး တရားမဝင် ဝင်ရောက်လာသူတွေရှိကြောင်း သတင်းပေးပို့ချက်ရတာကြောင့် မဲဆောက် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ နယ်ခြားစောင့်တပ်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီကနေ့ မနက်စောစောက ထာ့ဖုတ်ဆာကူးတုဆိပ်အနီးမှာ သွားရောက်စောင့်ဆိုင်းစစ်ဆေးခဲ့ကြတာလို့ ဆိုပါတယ်။။
မနက် ၄ နာရီလောက်မှာတော့ လှေတစီးကမ်းကပ်လာပြီး လှေပေါ်ကလူတွေ စစ်ဆေးရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၁၃ ယောက်၊ စုစုပေါင်း ၁၉ ယောက်ကို ဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
သူတို့ကို မဲဆောက်နယ်စပ်လုံခြုံရေးစစ်တပ်ထံ ခေါ်ဆောင်သွားပြီး ဥပဒေအရ အရေးယူဖို့ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ ဆက်လက်ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။
Source: Banmuang News










