
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ စစ်ကိုင်းတိုင်း မော်လိုက်၊ ကလေးဝနဲ့ မန္တလေးတိုင်း ဝမ်းတွင်းမြို့တို့အနားမှာ ၂၄ နာရီအတွင်း မြေငလျင် ၄ ကြိမ် လှုပ်ခတ်သွားပါတယ်။
မေ ၂၆ ရက် ည ၁၁ နာရီလောက် စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နားမှာ မြေအောက်အနက် ၈၅ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသ ၅ ရှိငလျင်တခု လှုပ်ရှားသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ည ၈ နာရီ ၃၈ မိနစ်ကလည်း စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နားမှာ မြေအောက်အနက် ၉၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၃ အဆင့် ငလျင်တခု လှုပ်ရှားသွားတယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးတော့ ည ၇ နာရီ ၄၈ မိနစ်က ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ရဲ့ တောင်ဘက် ပင်လယ်ထဲမှာ မြေအောက်အနက် ၁၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၃ ဒသမ ၃ ရှိ ငလျင်တခုလှုပ်ရှားခဲ့တယ်လို့ မိုးလေဝသ ဌာနက ထုတ်ပြန်ထားပါတယ်။
မေ ၂၅ ရက် ည ၁၁ နာရီ မိနစ် ၅၀ ကလည်း မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နားမှာ မြေအောက်အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၁ ရှိတဲ့ ငလျင်တခုလှုပ်ရှားခဲ့တယ်လို့ ထုတ်ပြန်ပြီး အဲဒီငလျင်ကတော့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ ဆိုပါတယ်။
ကွမ်းခြံကုန်းမြို့နားမှာ မေ ၂၂ ရက်က အင်အား ၃ ဒသမ ၈၊ မေ ၁၈ ရက်က အင်အား ၅ ဒသမ ၂ အဆင့်နဲ့ ငလျင်လှုပ်ရှားခဲ့ပါသေးတယ်။










