DVB Logo
Home
မြန်မာသတင်း
ပေါ်တာဆွဲခြင်းအပြင် နေအိမ်ထဲအထိ စစ်အာဏာရှင်တပ်က ဝင်ရောက်ဖမ်းဆီးလာ
DVB
·
June 20, 2026
Photo : Military
Photo : Military
Donate to DVB

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်အာဏာရှင်တပ်သားတွေက စစ်မှုထမ်း တပ်သားသစ် အဖြစ် ပေါ်တာဆွဲဖမ်းဆီးတာအပြင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် နေအိမ်တွေ ထဲအထိ စာရင်းအတိအကျနဲ့ လိုက်လံဖမ်းဆီးတာ ပိုများလာနေတယ်လို့ ရန်ကုန်မြို့ခံတချို့နဲ့ မြေပြင်ကင်းထောက်အဖွဲ့တွေက DVB ကို ပြောပါတယ်။

ရန်ကုန်မြို့တွင်းက ညပိုင်းလူပြတ်တဲ့နေရာတွေမှာ အရပ်ဝတ် စစ်အာဏာရှင်တပ်သားတွေက အိမ်စီးကားတွေနဲ့ ဖမ်းဆီးတာ၊ ညပိုင်းဧည့်စာရင်းစစ်ရင်း ပေါ်တာဆွဲတာအပြင် စစ်မှုထမ်း ဆင့်ခေါ်စာတွေနဲ့ အိမ်အရောက် လာရောက်ခေါ်ဆောင်တာတွေလည်း ဒီလထဲ ခပ်စိပ်စိပ် လုပ်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ရန်ကုန်မြေပြင်ကင်းထောက်အဖွဲ့ တာဝန်ရှိသူတယောက်က “အခု ဇွန်လဝက်ထိ ပေါ်တာဆွဲတဲ့ အခြေအနေက အရင် မေလထက် နည်းသွားတာ သတိထားမိပါတယ်ဗျ။ လမ်းပေါ် လိုက်ဆွဲတာ တွေထက် အိမ်ထိ စာရင်းအတိအကျနဲ့ လိုက်ဆွဲတာတွေ အခုနောက်ပိုင်း ပိုများလာပါတယ်။ စစ်မှုထမ်းအမှတ်စဉ် အသစ်စကာနီးဆို သူတို့ လှုပ်ရှားတာတွေ ပိုစိပ်ပါတယ်ဗျ။ လူမပြည့် ပြည့်အောင် ရတဲ့နည်းနဲ့ဖြည့်တဲ့ အချိန်တွေမို့ပါ။ လကုန်ပိုင်း စလေ့ရှိပါတယ်။ နောက်အပတ်ထဲ အမှတ်စဉ် ၂၆ စမယ် ထင်ပါတယ်ဗျ” လို့ ပြောပါတယ်။

သူတို့ ပြုစုနိုင်တဲ့စာရင်းအရ ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့မေလအတွင်း စစ်အာဏာရှင်တပ်ရဲ့ မတရား ဖမ်းဆီးခံရပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူ ၆၁ ယောက် ရှိခဲ့တယ်လို့ ရန်ကုန်မြေပြင် ကင်းထောက်အဖွဲ့က ဆိုပါတယ်။

တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ရန်ကုန်မြို့တွင်းက မြို့နယ်တချို့နဲ့ မြောက်ဥက္ကလာ၊ အင်းစိန်လို မြို့နယ်တွေမှာ အဖြစ်များတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ဇွန် ၁၂ ရက်၊ ညနေ ၅ နာရီဝန်းကျင်မှာ အလုပ်ကနေ အိမ်ပြန်ဖို့ မရမ်းကုန်းမြို့နယ်၊ စော်ဘွားကြီးကုန်း ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ ကုမ္ပဏီဝန်ထမ်း လူငယ် တယောက် ကို အရပ်ဝတ်နဲ့ စစ်အာဏာရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ လူငယ်မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အဲဒီနေ့က ရုံးဆင်းတော့ သူကအိမ်ပြန်ဖို့ ကားစောင့်နေတုန်း အိမ်စီးကားနဲ့ ဝင်ဖမ်းသွားတာ။ သူ ပြန်မလာလို့ မိသားစုကစိတ်ပူပြီး ဖုန်းဆက်တော့ ဖုန်းပိတ်ထားတယ်။ ၃ ရက်နေမှ သူ့ဆီက ဖုန်းဆက် လာတာ။ စစ်ထဲပါ သွားတယ်။ အခု ဗထူး (ရှမ်းတောင်ပိုင်းက လေ့ကျင့်ရေး သင်တန်း ကျောင်း) မှာ စစ်သင်တန်းတက်နေရတယ်ဆိုတာ ပြောပြီး ဖုန်း တန်းချသွားတယ်။ အဲဒီကျမှ ပေါ်တာဆွဲခံလိုက်ရမှန်း သိတာ” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ဒီနှစ် ဇန်နဝါရီကနေ မေလကုန်အထိ ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ဖြစ်စဉ် အများအပြားရှိခဲ့ပြီး အဓမ္မ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၅၀ ဝန်းကျင်အထိ ရှိတယ်လို့ ရန်ကုန် ကင်းထောက်အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ရန်ကုန်တိုင်းအပြင် စစ်အာဏာရှင်တပ်ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေနဲ့ နယ်မြို့အများစုမှာလည်း နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေသလို ဖမ်းပြီးငွေညှစ်တာလည်း များလာ နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013