
ထိုင်ဝမ်စစ်တပ်ဟာ တရုတ်ရဲ့ ရေကုန်းရေတက် ကျူးကျော်စစ်ဆင်ရေးကို ချေမှုန်းမဲ့ ကမ်းရိုးတန်း စစ်ရေးလေ့ကျင့်မှုတခုကို ဇွန် ၉ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒီတခေါက်မှာတော့ အရင်လို ပုံသေကားချပ် မဟုတ်ဘဲ ပြင်ဆင်ချိန် ပိုနည်းပြီး တကယ့်စစ်မြေပြင်နဲ့ ပိုတူအောင် ကြိုတင်ခန့်မှန်းရခက်တဲ့ ပုံစံမျိုး ပြောင်းလဲ လေ့ကျင့်ခဲ့တာပါ။
တရုတ်စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေဟာ ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ နေ့တိုင်းလိုလို လှုပ်ရှားနေတာ ဖြစ်ပါတယ်။
တရုတ်ရေလက်ကြားကို မျက်နှာမူထားတဲ့ ထိုင်ဝမ် အနောက်ဘက်ကမ်းရိုးတန်းက ကမ်းခြေတွေနဲ့ ရွှံ့နွံတောတွေဟာ တရုတ်စစ်တပ်က တကယ်လို့ ကျူးကျော်လာခဲ့ရင် ကုန်းပေါ်တက်ဖို့ အရှိဆုံး နေရာတွေအဖြစ် ယူဆထားကြပါတယ်။
စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံနဲ့ မျက်နှာချင်းဆိုင်ဖြစ်ပြီး ကျူးကျော်ခံရဖို့ အလားအလာအရှိဆုံး ထိုင်ဝမ်အလယ်ပိုင်း ထိုက်ချုံးမြို့ဝန်းကျင် ကမ်းရိုးတန်း အရှည် ၂၀ ကီလိုမီတာအတွင်းက နေရာ ၈ ခုမှာ တပြိုင်တည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းမှာ ရန်သူ့ကျူးကျော်မှုကို တားဆီးမဲ့ သတ်ကွင်းဇုန် “Kill Zone” တခု ဖန်တီးဖို့ အတွက် ထိုင်ဝမ်ကိုယ်တိုင် ထုတ်လုပ်ထားပြီး ၇ နှစ်အတွင်း ပထမဆုံးအကြိမ် ကျည်အစစ်ပစ်ခတ် တဲ့ သန်ဒါဘော့လ်ထ် တူးသောင်ဇင် ဒုံးကျည်စနစ်၊ အမေရိကန်လုပ် ပါးလဒင်အမြောက်တွေ၊ တင့်ကားဖျက်ဒုံးကျည်တွေနဲ့ မော်တာတွေကို အသုံးပြုခဲ့ပါတယ်။
အဝေးထိန်းချုပ်မှု ကောင်းမွန်ပြီး လှုပ်ရှားရလွယ်ကူအောင် ထုတ်လုပ်ထားတဲ့ သန်ဒါဘော့လ်ထ် တူးသောင်ဇင်စနစ်ကို စစ်ဆင်ရေးနယ်မြေအတွင်းမှာ ကျည်အစစ် ပစ်ခတ်လေ့ကျင့်တာဟာ ၇ နှစ် အတွင်း ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။
ဒုံးကျည်တပ်မှူး လျောင်နန်းချန်းက အရင်ကဆိုရင် စစ်ရေးမလေ့ကျင့်ခင် တပတ်အလိုကတည်းက ကြိုတင်ပြင်ဆင်ရပေမဲ့ အခုတခေါက်မှာတော့ တရက်အလိုမှ ရောက်လာပြီး နေရာယူရတာကြောင့် ပြင်ဆင်ချိန် တော်တော်လေး ကပ်သပ်ပြီး ခက်ခဲခဲ့တယ်လို့ ပြောပါတယ်။
ထိုင်ဝမ်အစိုးရကတော့ ပေကျင်းရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု အဆိုကို ပယ်ချထားပြီး ကျွန်းရဲ့ အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေကပဲ ဆုံးဖြတ်မယ်လို့ ဆိုထားပါတယ်။
Source: Reuters










