
လန်ဒန်မြို့တော် အနောက်မြောက်ပိုင်းရှိ ပါရှန်းဘာသာစကားသုံး မီဒီယာရုံးခန်းတခုကို မီးရှို့ဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး လူ ၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ဧပြီ ၁၆ ရက်မှာ ပြောကြားလိုက်ပြီး ဒါဟာ မြို့တော်လန်ဒန်မှာ ဖြစ်ပွားခဲ့တဲ့ အလားတူဖြစ်ရပ် ၂ ခုအပြီး တတိယမြောက်ဖြစ်ရပ်လို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေမှာ မီဒီယာရုံးခန်းဆီကို မီးရှို့ထားတဲ့ ဘူးတဘူးကို ပစ်ပေါက်ခဲ့တာမှာ အဲဒီဘူးက ကားပါကင်ထဲကို ကျသွားပြီး အလိုအလျောက် မီးငြိမ်းသွားခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှု မရှိသလို ဒဏ်ရာရသူ မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၁၉ နှစ်နဲ့ ၂၁ နှစ်အရွယ် အမျိုးသား ၂ ယောက်အပြင် ၁၆ နှစ်အရွယ် လူငယ်တယောက်ကိုပါ လူအသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ မီးရှို့ဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထားပါတယ်။
ဒီလုပ်ရပ်ကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်မထားပေမဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိတွေက စုံစမ်းစစ်ဆေးမှုမှာ ပါဝင်နေတယ်လို့ ရဲတွေက ဆိုပါတယ်။
လန်ဒန် မြို့တော်ရဲတပ်ဖွဲ့ ဒုတိယကော်မရှင်နာ မတ်ထ် ဂျုခ်စ်က ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ပြည်ပမှာဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ဗြိတိန်အတွင်း တင်းမာမှုတွေကြောင့် လူတွေ အလွန်စိုးရိမ်နေကြတာကို နားလည်တယ်လို့ ပြောပါတယ်။
ဂျုခ်စ်က “လန်ဒန်မှာရှိတဲ့ ဂျူးလူမျိုးစုတွေနဲ့ အီရန်လူမျိုးစုတွေဟာ မကြာသေးခင်နှစ်တွေအတွင်းမှာ ကြောက်ရွံ့မှု၊ မုန်းတီးမှုနဲ့ ထိခိုက်နစ်နာမှုတွေကို ဖြန့်ဝေလိုတဲ့ တဦးတယောက်ချင်းစီ၊ အဖွဲ့အစည်းတွေနဲ့ ရန်လိုတဲ့ နိုင်ငံတွေရဲ့ ပစ်မှတ်ထားမှုကို ပိုခံလာရပါတယ်” လို့ ဆိုပါတယ်။
ဗြိတိန်အာဏာပိုင်တွေဟာ အီရန်အစိုးရကို ဝေဖန်လေ့ရှိတဲ့ ပါရှန်းဘာသာစကားသုံး သတင်းဌာနတွေမှာ အလုပ်လုပ်နေတဲ့ သတင်းထောက်တွေဟာ အန္တရာယ်ရှိနိုင်တယ်လို့ အရင်ကတည်းက သတိပေးထားဖူးပါတယ်။
၂၀၂၄ ခုနှစ်မှာ အီရန် နိုင်ငံတကာသတင်းဌာနက သတင်းထောက်တယောက် လန်ဒန်တောင်ပိုင်းက သူ့အိမ်အနီးမှာ ဓားနဲ့ ထိုးခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း MI5 ထောက်လှမ်းရေးအကြီးအကဲက သူ့အေဂျင်စီနဲ့ ဗြိတိန်ရဲတပ်ဖွဲ့တို့ဟာ အီရန်အစိုးရက ရန်သူလို့ သတ်မှတ်ထားတဲ့ ဗြိတိန်နိုင်ငံသားတွေ ဒါမှမဟုတ် ဗြိတိန်မှာ နေထိုင်သူတွေကို ပြန်ပေးဆွဲဖို့ ဒါမှမဟုတ် သတ်ဖြတ်ဖို့ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ကြံစည်မှုပေါင်း ၂၀ ကျော်ကို ခြေရာခံနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“နိုင်ငံခြားအဖွဲ့အစည်းတွေ ဒါမှမဟုတ် နိုင်ငံခြားအစိုးရတွေကိုယ်စား လုပ်ဆောင်ပေးဖို့ လူတချို့ကို စည်းရုံးသိမ်းသွင်းတာ၊ ငွေပေးခိုင်းစေတာတွေ ရှိနေတယ် ဆိုတာကိုလည်း သိရှိထားပါတယ်” လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ ဒုတိယကော်မရှင်နာ မတ်ထ် ဂျုခ်စ်က ပြောပါတယ်။
“မုန်းတီးမှု၊ လူမျိုးရေးခွဲခြားမှု၊ ဂျူးဆန့်ကျင်ရေး စိတ်ထားတွေနဲ့ လုပ်ဆောင်မယ်ဆိုရင် လိုက်လံဖမ်းဆီးတာကို ခံရမှာဖြစ်ပြီးတော့ အကျိုးဆက်တွေကို ရင်ဆိုင်ရပါလိမ့်မယ်” လို့လည်း သူကဆိုပါတယ်။
Source: Reuters










