DVB Logo
Home
ဆောင်းပါး
မီးဖိုချောင်ထဲ ရောက်လာတဲ့ စစ်မီးနဲ့ အာဟာရဖူလုံရေး အချက်ပေးသံ
DVB
·
April 23, 2026
မီးဖိုချောင်ထဲ ရောက်လာတဲ့ စစ်မီးနဲ့ အာဟာရဖူလုံရေး အချက်ပေးသံ
Donate to DVB

မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာ အခြေအနေအကြောင်း နည်းနည်း ပြောချင်ပါတယ်။ အခုတလော ဈေးဝယ်ထွက်ကြရင်ပဲ ဖြစ်ဖြစ်၊ ထမင်းဝိုင်းပြင်ရင်ပဲ ဖြစ်ဖြစ် ဟင်းချက်စရာတွေ ဈေးတက်လိုက်တာ ဆိုတာ လူတိုင်းရဲ့ ညည်းညူသံ ဖြစ်နေပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ထုတ်ပြန်ချက်အရ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ၁၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားပါတယ်။

ကုန်ဈေးနှုန်း ၁၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားတဲ့ အကျိုးဆက်က မြို့ပြနဲ့ ကျေးလက်က အိမ်ရှင်မတွေအပေါ် သက်ရောက်ပုံချင်း မတူပေမဲ့ နှစ်ဖက်စလုံးကတော့ မီးဖိုချောင်ထဲက အကျပ်အတည်းကို အပြင်းအထန် ဆင်နွှဲနေရတဲ့ သူတွေချည်းပါပဲ။

မြို့ကြီးပြကြီးက အိမ်ရှင်မတွေအတွက်ကတော့ ဝင်ငွေနဲ့ ထွက်ငွေ မမျှတမှုက အဓိကပြဿနာပါ။

အရင်က ပေါ်ဆန်းမွှေး စားနိုင်တဲ့ အိမ်တွေတောင် အခုတော့ ဈေးသက်သာတဲ့ ဆန်ကြမ်းနဲ့ ရောစားတာမျိုး၊ ဒါမှမဟုတ် ဟင်းတခွက်ကို အသားလျှော့ပြီး အသီးအနှံနဲ့ ရောချက်တာမျိုး (ဥပမာ- ကြက်သားကို အာလူးနဲ့ ရောချက်တာ) တွေ လုပ်လာရပါတယ်။

အရင်က ကျပ်တသောင်းဆိုရင် ဟင်းတနပ်စာ ကောင်းကောင်းရပေမဲ့ အခုတော့ ဆီဖိုး၊ ဆားဖိုးနဲ့တင် တသောင်းက ကုန်နေပါပြီ။ ဈေးသွားရင် ပိုက်ဆံက ရေလိုပဲ ဆိုတဲ့ စကားက သူတို့အတွက် လက်တွေ့ဘဝ ဖြစ်နေပါတယ်။

ဈေးနှုန်းတက်တာတင် မဟုတ်ဘဲ မီးခဏခဏ ပျက်တာကြောင့် ဟင်းတွေ အကြာကြီး ချက်မထားနိုင်တာ၊ ရေခဲသေတ္တာထဲ အသားငါး သိုလှောင်လို့ မရတာတွေကလည်း အိမ်ရှင်မတွေအတွက် ဦးနှောက်ခြောက်စရာပါ။

ကျေးလက်က အိမ်ရှင်မတွေကျတော့ ထုတ်လုပ်သူရော စားသုံးသူပါ ဖြစ်နေတဲ့ ဒုက္ခကို နှစ်ထပ်ကွမ်း ခံရတာပါ။

မြေသြဇာဈေးက အဆမတန်တက်တော့ စိုက်စရိတ်က တက်လာတယ်။ ဒါပေမဲ့ ရိတ်သိမ်းချိန်မှာ သီးနှံရောင်းရဈေးက နှိမ်ခံရတော့ အိမ်ရှင်မတွေဟာ နောက်နှစ်အတွက် အကြွေးသံသရာထဲ ရောက်သွားရပါတယ်။

အရင်က ကိုယ်တိုင်စိုက်ပြီး ကိုယ်တိုင်စားလို့ ရပေမဲ့ အခုတော့ ကုန်ကျစရိတ်ကာမိအောင် အကုန်ရောင်းလိုက်ရပြီး မိသားစုအတွက် ပြန်ဝယ်စားတဲ့အခါမှာတော့ ဈေးကြီးနဲ့ ဝယ်နေရတာမျိုးပါ။

ကျေးလက်မှာ ဟင်းသီးဟင်းရွက် ရှာစားလို့ ရနိုင်ပေမဲ့ ဆီနဲ့ တခြားဟင်းချက်ပစ္စည်းတွေကတော့ ဝယ်စားရတာပါ။ ဆီတပိဿာ တသောင်းခွဲ၊ တသောင်းရှစ်ထောင် ဖြစ်လာတာက ကျေးလက် အိမ်ရှင်မတွေအတွက် ဆီမပါတဲ့ဟင်းကိုပဲ အားကိုးလာရတဲ့အထိ ဖြစ်လာပါတယ်။

မြို့ပြအိမ်ရှင်မတွေက စားနိုင်ရုံပဲ ရှိတော့တယ်၊ စုမိဆောင်းမိ မရှိတော့ဘူးလို့ ညည်းနေကြရသလို ကျေးလက်အိမ်ရှင်မတွေကတော့ နောက်နှစ် စိုက်ဖို့ အရင်းတောင် မရှိတော့ဘူးဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖြတ်သန်းနေရပါတယ်။

မြို့ပြရော ကျေးလက်မှာပါ တူညီနေတဲ့အချက်ကတော့ မိသားစုရဲ့ ထမင်းဝိုင်း မလျော့ပါးစေဖို့ အိမ်ရှင်မတွေဟာ ကိုယ်တိုင် အစားလျှော့တာ၊ မလိုအပ်တာတွေ ဖြတ်တောက်တာနဲ့ ခြစ်ကုတ်စုဆောင်းရတဲ့ဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေဟာ ၁၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားပြီလို့ သိရပါတယ်။

ဒါဟာ နိုင်ငံထဲက ပဋိပက္ခတွေကြောင့်တင် မဟုတ်ဘဲ အဝေးကြီးက အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုတွေကပါ မီးဖိုချောင်ထဲအထိ ရိုက်ခတ်လာတာပါ။

စိုက်ပျိုးရေးနိုင်ငံလို့ ပြောပေမဲ့ တကယ်တမ်းကျတော့ စိုက်ပျိုးဖို့ လိုအပ်တဲ့ စက်သုံးဆီနဲ့ ဓာတ်မြေသြဇာတွေကို ပြည်ပကနေပဲ မှာယူနေရတာပါ။

အရှေ့အလယ်ပိုင်းမှာ စစ်မီးတောက်တော့ ကမ္ဘာ့ရေနံဈေးတက်တယ်၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်လာတယ်။ အကျိုးဆက်ကတော့ ဘာလဲဆိုရင် ပြည်တွင်းမှာ ဆန်၊ ဆီ၊ ဆား ဈေးတွေဟာ လက်လုပ်လက်စား ပြည်သူတွေ မလိုက်နိုင်အောင် မြင့်တက်ကုန်တာပါပဲ။

အခုဆို ဆန်တအိတ်ကို ကျပ်နှစ်သိန်းဝန်းကျင်အထိ ပေးနေရပြီဆိုတော့ နေ့စားအလုပ်သမားတွေနဲ့ စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေးဟာ ရှင်သန်ရေးတိုက်ပွဲတခု ဖြစ်လာနေပါပြီ။

နောက်ထပ် စိုးရိမ်စရာအချက်က “ဓာတ်မြေသြဇာ” ကိစ္စပါ။ WFP က ဘာကို သတိပေးထားလဲ ဆိုရင် တကယ်လို့ ဓာတ်မြေသြဇာသုံးစွဲမှု ၅၀ ရာခိုင်နှုန်းလောက် လျော့သွားရင် ဆန်စပါး အထွက်နှုန်းဟာ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာ တကယ့်ကို အန္တရာယ်အချက်ပေးသံပါ။ တောင်သူတွေက ဈေးကြီးလို့ မြေသြဇာ မသုံးနိုင်တော့ရင်၊ ဒါမှမဟုတ် စိုက်ဧကတွေ လျှော့ချလိုက်ရင် နောက်နှစ်တွေမှာ ဆန်ဈေးက အခုထက် ပိုတက်လာမှာဖြစ်သလို ဆန်ရှားပါးတဲ့ ဒုက္ခကိုလည်း တနိုင်ငံလုံး ခါးစည်းခံရဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တင်စားရတဲ့ ဧရာဝတီတိုင်းမှာ တောင်သူတွေဟာ သူတို့ရဲ့ သက်တမ်းတလျှောက် အဆိုးရွားဆုံးသော အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

အာဏာသိမ်းကာလ တ‌လျှောက်လုံး ဧရာဝတီတိုင်းက လယ်သမားတွေအကြောင်း အစဉ်တစိုက် မေးမြန်းသတင်းထုတ်နေတဲ့ သတင်း‌ထောက်အမျိုးသမီးတဦးက အခုလိုပြောပါတယ်။ “ဓနုဖြူက လယ်သမားတွေ သူတို့လယ်ကို လိုက်ရောင်းနေကြတယ်။ ဝယ်သူလည်း မရှိဘူး”

ဓနုဖြူဒေသက လယ်သမားတွေ သူတို့ရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေကို လိုက်ရောင်းနေရပြီ ဆိုတဲ့အချက်ဟာ အင်မတန် စိတ်မကောင်းစရာကောင်းတဲ့ အချက်ပေးသံပါ။

စိုက်စရိတ်က အဆမတန် တက်နေသလောက် ထွက်လာတဲ့သီးနှံက အကြွေးတောင်မကျေတဲ့ အခြေအနေကြောင့်ပါ။ ဓာတ်မြေသြဇာ တအိတ် ကျပ်သိန်းဂဏန်း ပေးနေရတဲ့အချိန်မှာ အရင်းအနှီး မစိုက်ထုတ်နိုင်တော့တဲ့ တောင်သူတွေဟာ နောက်ဆုံးလက်နက်အနေနဲ့ လယ်ကိုရောင်းပြီး အကြွေးဆပ်တာ ဒါမှမဟုတ် တခြားအလုပ်ပြောင်းဖို့ ကြိုးစားလာကြတာလည်း ပါတယ်။

လယ်သမားလက်ထဲမှာ လယ်မရှိတော့ဘဲ ငွေရှင်ကြေးရှင်တွေလက်ထဲ လယ်တွေ ရောက်သွားတဲ့အခါ နိုင်ငံရဲ့ စိုက်ပျိုးထုတ်လုပ်မှု ယန္တရားဟာ တောင်သူအခြေပြုစနစ်ကနေ ပျက်စီးသွားနိုင်ပါတယ်။

“ရွာမှာတော့ ပိုက်တွင်းတွေစိုက်ပြီး ရွှေဘိုပေါ်ဆန်းစိုက်ဖို့ လုပ်နေကြတယ်” လို့ ငါးသိုင်းချောင်းမြို့အနီး ရွာတရွာက လယ်သူမကြီးက ပြောပါတယ်။

ငါးသိုင်းချောင်းဘက်က တောင်သူတွေ ဈေးကောင်းရဖို့ မျှော်လင့်ချက်နဲ့ မိမိဒေသမျိုးမဟုတ်တဲ့ ရွှေဘိုပေါ်ဆန်းကို ပြောင်းစိုက်ဖို့ ကြိုးစားလာတာဟာလည်း စိုးရိမ်စရာပါ။

ရွှေဘိုပေါ်ဆန်းဟာ ရွှေဘိုဒေသရဲ့ မြေစေးနဲ့ ရေမြေတောတောင် အနေအထားမှာပဲ အရည်အသွေး အကောင်းဆုံး ထွက်တာပါ။ ဧရာဝတီတိုင်းရဲ့ မြေဆီလွှာနဲ့ ရာသီဥတု အထူးသဖြင့် စိုထိုင်းဆဟာ ရွှေဘိုပေါ်ဆန်းနဲ့ မကိုက်ညီဘူးဆိုရင် အထွက်နှုန်း သိသိသာသာ ကျဆင်းနိုင်သလို ဆန်ရဲ့ ရနံ့နဲ့ အရည်အသွေးဟာလည်း မူလမျိုးအတိုင်း ထွက်လာမှာ မဟုတ်ပါဘူး။

အရင်းအနှီးကြီးကြီး စိုက်ထုတ်ထားပြီးမှ ရိတ်သိမ်းချိန်မှာ အထွက်နှုန်းမကောင်းတာ၊ ဈေးကွက်က မကြိုက်တာမျိုး ဖြစ်လာရင် တောင်သူတွေအတွက် အနာပေါ် တုတ်ကျသလို ဒုက္ခပိုဖြစ်သွားနိုင်ပါတယ်။

စပါးမစိုက်တော့တဲ့သူတွေ ရှိလာပြီဆိုတဲ့ အချက်ကတော့ နိုင်ငံရဲ့ စားနပ်ရိက္ခာ လုံခြုံရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပါပဲ။ လယ်သမားတွေဟာ စိုက်ရင် ရှုံးမဲ့အတူတူ လယ်ကို ဒီအတိုင်း ပစ်ထားတာမျိုး၊ ဒါမှမဟုတ် တခြား ရေတိုဝင်ငွေရမဲ့ အပင်တွေ ပြောင်းစိုက်တာမျိုး လုပ်လာကြတာမျိုး ရှိနိုင်ပါတယ်။

ကုန်ဈေးနှုန်းဒဏ်ကြောင့် ကျေးလက်က လူငယ်တွေဟာ လယ်ယာလုပ်ငန်းကို စွန့်ခွာပြီး ပြည်ပထွက်တာ၊ မြို့ပြကို တက်လာကြတာကြောင့် လယ်လုပ်ချင်ရင်တောင် လုပ်သားရှာမရတဲ့ အခက်အခဲကလည်း စိုက်ပျိုးမှုကို ရပ်တန့်စေတဲ့ အကြောင်းရင်းတခု ဖြစ်နေပြန်ပါတယ်။

ဓနုဖြူနဲ့ ငါးသိုင်းချောင်းက အခြေအနေတွေဟာ မြန်မာ့စိုက်ပျိုးရေးကဏ္ဍရဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုကို ဖော်ပြနေတာပါ။ တောင်သူတွေဟာ မျိုးစေ့နဲ့ မြေဆီလွှာအပေါ်မှာ ယုံကြည်ချက် ပျောက်ဆုံးနေသလို စီးပွားရေးအရလည်း ထွက်ပေါက်ပိတ်နေပါတယ်။

တကယ်လို့ ဒေသနဲ့မကိုက်ညီတဲ့ မျိုးစေ့တွေကို စမ်းသပ်စိုက်ပျိုးရင်း အရှုံးပေါ်တာ၊ လယ်ယာမြေတွေ ရောင်းချပြီး လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တာတွေ ဆက်ဖြစ်နေမယ်ဆိုရင် နောက်နှစ်တွေမှာ ပြည်တွင်းစားနပ်ရိက္ခာအတွက် စိုးရိမ်စရာ အကောင်းဆုံး အခြေအနေကို ဆိုက်ရောက်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စပါးစိုက်ပျိုးမှုဟာ ဓာတ်မြေသြဇာအပေါ်မှာ အများကြီး မှီခိုနေရပါတယ်။ WFP က ထောက်ပြသလို ဓာတ်မြေသြဇာသုံးစွဲမှု ၅၀ ရာခိုင်နှုန်း လျော့ကျသွားရင် အထွက်နှုန်းဟာ ၁၅ ရာခိုင်နှုန်းလောက် သိသိသာသာ လျော့သွားမှာပါ။

မြေသြဇာ အလုံအလောက် မကျွေးနိုင်တဲ့ စပါးဟာ အောင်စေ့နည်းပြီး အဖျင်းများတတ်ပါတယ်။ ဒါကြောင့် ရိတ်သိမ်းချိန်မှာ တောင်သူရမဲ့ အထွက်နှုန်းတင် လျော့တာမဟုတ်ဘဲ ဆန်သားအရည်အသွေးပါ ညံ့သွားစေပါတယ်။

သဘာဝမြေသြဇာနဲ့ ဓာတ်မြေသြဇာကို မျှတအောင် မသုံးနိုင်ဘဲ သွင်းအားစုတွေ လုံးဝဖြတ်တောက်လိုက်ရင် မြေဆီလွှာက အာဟာရဓာတ်တွေ ကုန်ခန်းပြီး နောက်နှစ်တွေမှာ ပိုပြီး အထွက်နှုန်း ကျဆင်းသွားတဲ့ သံသရာဆိုးထဲ ရောက်သွားနိုင်ပါတယ်။

တောင်သူတွေဟာ စိုက်လေ အရှုံးပေါ်လေ ဖြစ်လာတဲ့အခါ စိုက်ဧကတွေကို လျှော့ချလာကြပါတယ်။

စိုက်စရိတ်၊ မျိုးစေ့၊ ထွန်ယက်ခ၊ မြေသြဇာ၊ လုပ်အားခက မြင့်တက်နေပေမဲ့ ထွက်လာတဲ့ သီးနှံကို ရောင်းရမဲ့ဈေးက မသေချာတဲ့အခါ တောင်သူတွေဟာ စိုက်ဧကအကုန် မစိုက်တော့ဘဲ မိသားစု စားဖို့လောက်ပဲ စိုက်ပျိုးတဲ့ ဖူလုံရုံစိုက်ပျိုးမှုဘက်ကို ကူးပြောင်းစိုက်ပျိုးကြသူတွေလည်း ရှိနိုင်ပါတယ်။

စိုက်ဧက လျော့သွားရင် ဈေးကွက်ထဲကို ရောက်လာမဲ့ ဆန်ပမာဏဟာ အလိုအလျောက် လျော့နည်းသွားပါမယ်။ လူဦးရေက မလျော့ဘဲ ဆန်ထွက်နှုန်းက လျော့သွားတဲ့အခါ ဝယ်လိုအားက များ၊ ရောင်းလိုအားက နည်း ဖြစ်ပြီး ဆန်ဈေးဟာ အခုထက် နှစ်ဆ၊ သုံးဆ ထိုးတက်သွားဖို့ပဲ ရှိပါတော့တယ်။

ဒါဟာ တောင်သူတွေရဲ့ ပြဿနာတင် မဟုတ်ဘဲ တနိုင်ငံလုံးက လူတိုင်းရဲ့ ထမင်းအိုးကို လာရိုက်ခတ်တာပါ။

မြန်မာနိုင်ငံဟာ ဆန်ကို ပြည်ပကို တင်ပို့နိုင်တဲ့နိုင်ငံ ဖြစ်ခဲ့ပေမဲ့ အခုလို ထုတ်လုပ်မှုယန္တရား ပျက်ယွင်းသွားရင် ကိုယ့်နိုင်ငံသားတွေ စားဖို့တောင် ပြည်ပကနေ ပြန်သွင်းရတဲ့ အခြေအနေ ဆိုက်သွားနိုင်ပါတယ်။

ဆန်ဈေး အဆမတန် တက်သွားတဲ့အခါ အခြေခံလူတန်းစားတွေဟာ ဝမ်းဗိုက်ဝရုံ ဆန်ကြမ်းကိုပဲ အားကိုးလာရပြီး တခြားအာဟာရဖြစ်စေမဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေကိုလည်း လျှော့ချလိုက်ရတာတွေ ရှိလာပါတယ်။

ဒါဟာ ရေရှည်မှာ ကလေးသူငယ်တွေနဲ့ လုပ်သားထုရဲ့ ကျန်းမာရေးနဲ့ အာဟာရအခြေအနေကို ဆိုးဆိုးရွားရွား ထိခိုက်စေမှာပါ။

တောင်သူတွေ မြေသြဇာ မသုံးနိုင်တာ၊ စိုက်ဧက လျှော့ချတာဟာ မြေပြင်မှာ မီးခိုးတိတ် တိတ်ဆိတ်နေတဲ့ အကျပ်အတည်းတခုပါ။ ဒီနေ့ တောင်သူတွေ စိုက်ပျိုးဖို့ လက်တွန့်နေတာဟာ နောက် ၆ လ၊ ၁ နှစ်အကြာမှာ မြို့ပြရော ကျေးလက်ပါမကျန် ကြုံတွေ့ရမဲ့ ရိက္ခာပြတ်လပ်မှုရဲ့ ရှေ့ပြေးနိမိတ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအချက်ပေးသံကို ဂရုမပြုဘဲ ထားလိုက်ရင် နောက်နှစ်တွေမှာ ဆန်တအိတ်ဈေးနှုန်းဟာ သာမန်လူတန်းစားတွေ လက်လှမ်းမမီနိုင်တဲ့ အခြေအနေအထိ ရောက်သွားနိုင်ပြီး ငတ်မွတ်ခေါင်းပါးမှုဆိုတဲ့ ဘေးဆိုးက တံခါးလာခေါက်မှာ ဖြစ်ပါတယ်။

စိုက်ပျိုးတဲ့ တောင်သူတွေက သူတို့သီးနှံပြန်ရောင်းရင် ဈေးနှိမ်ခံရတယ်၊ ဒါပေမဲ့ သူတို့ပြန်ဝယ်စားရတဲ့ ဈေးကတော့ အဆမတန် တက်နေတယ်။ ဆိုလိုတာကတော့ စိုက်တဲ့သူလည်း အရင်းမကျေ၊ စားတဲ့သူလည်း ငတ်မွတ်တဲ့ဘေးနဲ့ နီးလာနေတဲ့ သဘောပါပဲ။

ခြုံပြောရရင်တော့ မြန်မာ့လယ်ယာကဏ္ဍဟာ ကုန်ကျစရိတ်ကြီးတယ်၊ အထွက်နှုန်းကျတယ်၊ ကုန်ဈေးနှုန်းတက်တယ် ဆိုတဲ့ သံသရာဆိုးကြီးထဲ ပိတ်မိနေပါတယ်။

အခုလက်ရှိ ကုန်‌ဈေးနှုန်း ၁၉ ရာခိုင်နှုန်း တက်တယ်ဆိုတာ အစပျိုးရုံပဲ ရှိပါသေးတယ်။ မီးဖိုချောင်ထဲက အကျပ်အတည်းဟာ အခုဆိုရင် တကယ်ကို စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေတယ် ဆိုတာကို လက်ခံရမှာဖြစ်ပြီး ဒီအခြေအနေကို အရေးပေါ်ဖြေရှင်းဖို့ လိုအပ်‌နေပြီ ဖြစ်ပါတယ်။

တာပလု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013