အသက် ၁၁ နှစ်အရွယ် မိန်းကလေးတယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် အရွယ်မရောက်သေးသူတွေအပေါ် အကြမ်းဖက်မှုဆိုင်ရာ စွပ်စွဲချက် ၇၀,၀၀၀ ကို ပြန်သုံးသပ်ဖို့ ပြင်သစ် တရားရေးဝန်ကြီး ဂျရယ်လ်ဒါမာနင်က အစိုးရရှေ့နေတွေကို ဇွန် ၈ ရက်မှာ ပြောပါတယ်။
သေဆုံးသူ မိန်းကလေးရဲ့ နာမည်အပြည့်အစုံက လိုင်ဟန်နာ ဖြစ်ပြီး မေ ၂၉ ရက်မှာ ကျောင်းကနေ ပြန်လာပြီးတဲ့နောက် ပြင်သစ်တောင်ပိုင်းက ဖလောရန့်စ်မြို့ငယ်လေးမှာ ပျောက်နေတယ်လို့ သတင်းပို့ခဲ့ပါတယ်။
သူပျောက်သွားတဲ့နေ့က နေ့လယ်ပိုင်းမှာ အတန်းဖော်တယောက်ရဲ့ အသက် ၄၁ နှစ်အရွယ် ဖခင်ဖြစ်သူကို သူနဲ့အတူ တွေ့ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားနဲ့ ဖမ်းဆီးခဲ့ပါတယ်။
သံသယရှိသူအပေါ် ကလေးသူငယ် မုဒိမ်းကျင့်မှုဆိုင်ရာ စွပ်စွဲချက်တွေကို အရင်က မလုပ်ဆောင်ခဲ့ဖူးဘူးလို့ အာဏာပိုင်တွေက ထုတ်ပြောအပြီးမှာ ဒီအမှုဟာ ပြည်သူတွေကို ဒေါသထွက်စေခဲ့ပါတယ်။
စွပ်စွဲချက်တွေအပေါ် တရားစီရင်ပိုင်ခွင့်တွေ အချင်းချင်းကြား၊ တရားရုံး အချင်းချင်းကြား၊ စီရင်စု အချင်းချင်းကြား ဘုံသဘောတူညီချက်ဆိုင်ရာ အစီရင်ခံစာကို တောင်းဆိုထားတယ်လို့ ဒါမာနင်က ပြောပါတယ်။
ဒါမာနင်က “ပြင်သစ်မှာ လိုင်ဟန်နာလို အမှုတွေ ရှိသေးလား။ အဲဒါက ကျနော်တို့အားလုံး ကိုယ့်ကိုယ်ကိုယ် တရားဝင်မေးနိုင်တဲ့ မေးခွန်းဖြစ်ပြီး တရားလိုရှေ့နေတွေကိုလည်း ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့ တောင်းဆိုပါတယ်”လို့ ထပ်ပြောပါတယ်။
ပြင်သစ်တရားစီရင်ရေးစနစ်မှာ အရွယ်မရောက်သေးသူတွေအပေါ် အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ အထွေထွေပြဿနာတွေ ရှိမရှိ သိချင်တယ်လို့လည်း သူက ပြောပါတယ်။
လက်ယာနဲ့ လက်ဝဲနိုင်ငံရေးသမားတွေက ဒီအမှုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကနေ ကာကွယ်ဖို့ တရားစီရင်ရေးစနစ်ရဲ့ ပိုကျယ်ပြန့်တဲ့ ပျက်ကွက်မှုကို ပြနေတယ်လို့ ပြောခဲ့ကြပါတယ်။
Source: Reuters










