DVB Logo
Home
နိုင်ငံတကာ
ထိုင်းဗီဇာကင်းလွတ်ခွင့် ရက် ၆၀ မှ ၃၀ အထိ လျှော့ချမည်
DVB
·
March 23, 2026
Photo: REUTERS/Athit Perawongmetha
Photo: REUTERS/Athit Perawongmetha
Donate to DVB

ထိုင်းနိုင်ငံဆီ ဗီဇာမလိုဘဲ နေထိုင်ခွင့်ကို ရက်ပေါင်း ၆၀ ကနေ ၃၀ ထိ လျှော့ချဖို့ စီစဉ်နေသလို လောင်စာဆီ ပြဿနာကြောင့် မကြာခင် ရောက်ရှိလာတော့မယ့် ထိုင်း ဆုန်ကရန်သင်္ကြန်မှာ ကမ္ဘာလှည့်ခရီးသွားဦးရေ အဝင်နည်းနိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ နိုင်ငံခြားသားခရီးသွားတွေအတွက် ဗီဇာကင်းလွတ်ခွင့်နဲ့ နေထိုင်နိုင်တဲ့ ကာလကို လျှော့ချဖို့ အဆိုပြုတင်ပြတာဟာ အဆိုပါစနစ်ကို လွဲမှားစွာ အသုံးချနေမှုတွေအပေါ် စိုးရိမ်မကင်းဖြစ်တာကြောင့်လို့ Khaosod English သတင်းမှာ မတ် ၂၂ ရက်က ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ခ် ဖုန်ကက်ကယောက်က လက်ရှိကျင့်သုံးနေတဲ့ ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်က အရင်အစိုးရလက်ထက်က ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ဖို့အတွက် လုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့ ဒါဟာ လိုအပ်တာထက် ပိုမိုရှည်လျားနေတယ်လို့ ပြောလိုက်တာပါ။

ခရီးသွားဧည့်သည်အများစုအတွက် ရက်ပေါင်း ၃၀ ဟာ လုံလောက်မှုရှိပြီး လိုအပ်ပါက နောက်ထပ်ရက် ၃၀ ထပ်မံ သက်တမ်းတိုးနိုင်မယ်လို့ ဆိုပါတယ်။

လတ်တလော အဆိုပြုချက်က ဘယ်လူမျိုးစုကိုမှ ရည်ရွယ်တာမဟုတ်ဘဲ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ခရီးသွားလုပ်ငန်းမဟုတ်တဲ့ တခြားလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေက ဥပဒေဟာကွက်ကို အသုံးချနေတာမျိုးကို တားဆီးဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာခရီးသွားတွေကို ဆက်လက်ကြိုဆိုနေပေမဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်ဝင်ခွင့်မူဝါဒတွေကို ရည်ရွယ်ချက်ရှိရှိ မှန်ကန်စွာ အသုံးပြုစေဖို့အတွက် ခုလိုဆောင်ရွက်ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အခုလတ်တလော ဖြစ်ပေါ်နေတဲ့ လောင်စာဆီပြဿနာတွေကြောင့် နိုင်ငံတွင်း ရေနံအရန်သင့်ရှိမှုအပေါ် သံသယရှိနေကြပြီး သင်္ကြန်ကာလ ခရီးသွားလ‌ေမှုတွေအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ Bangkok Post သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ အမျိုးသား ဖွံ့ဖြိုးမှုစီမံခန့်ခွဲရေးဆိုင်ရာ သုတေသန အဖွဲ့အစည်း NIDA က စစ်တမ်းကောက်ယူထားတဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံ ရေနံအရန်သင့်ရှိမှုဟာ ကတိပေးထားတဲ့ ၉၈ ရက်အထိ ခံမယ်ဆိုတဲ့အပေါ် အစိုးရဘက်က ထပ်မံဖြည့်တင်းပေးနိုင်မလားဆိုတာ ထိုင်းပြည်သူအများစုက ယုံကြည်မှု နည်းပါးနေကြသလို တကယ်လို့ လောင်စာဆီအခက်အခဲ ဆက်လက်ဖြစ်ပေါ်နေပါက တချို့က သင်္ကြန်ကာလ ခရီးသွားမယ့် အစီအစဉ်တွေကို ဖျက်သိမ်းကြလိမ့်မယ်လို့ ဆိုပါတယ်။

“အဖော်နဲ့ စကားပြောနေရင်တောင် မီးပိတ်ရမယ့်အခြေအနေ” လို့ အမည်ပေးထားတဲ့ အဆိုပါစစ်တမ်းကို မတ် ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ တနိုင်ငံလုံး လူဦးရေ ၁,၃၁၀ ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်း စစ်တမ်းကောက်ယူခဲ့တာလို့ ဆိုပါတယ်။

စစ်တမ်းအရ ရေနံအရန်သင့်ရှိမှုနဲ့ အစိုးရရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုမှာ ၄၄ ဒသမ ၂၈ ရာခိုင်နှုန်းက နှစ်ခုစလုံးအပေါ် ယုံကြည်မှုမရှိဘူးလို့ ဖြေကြားခဲ့ကြပြီး ၉ ဒသမ ၅၄ ရာခိုင်နှုန်းကသာ အရန်ဆီလုံလောက်မှာကို ယုံကြည်ပေမဲ့ အစိုးရရဲ့ ထပ်မံရှာဖွေနိုင်စွမ်းကို သံသယရှိကြတယ်လို့ ဆိုပါတယ်။

ဆီပြဿနာအပေါ် စိုးရိမ်မှုအခြေအနေမှာတော့ လုံးဝမစိုးရိမ်ဘူးလို့ ဖြေဆိုသူ ၂၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့ပြီး ၁၇ ဒသမ ၇၁ ရာခိုင်နှုန်းကတော့ အလွန်အမင်း စိုးရိမ်ကြောင်း ဖြေဆိုခဲ့ကြတာပါ။

ဒါ့အပြင် သင်္ကြန်ကာလ ခရီးသွားမယ့် အစီအစဉ်တွေအပေါ် သက်ရောက်မှုမှာတော့ ၅၇ ဒသမ ၅၆ ရာခိုင်နှုန်းက ခရီးသွားဖို့ အစီအစဉ်မရှိကြောင်း ဖြေဆိုထားကြပြီး ၁၄ ဒသမ ၈၀ ရာခိုင်နှုန်းက ခရီးသွားမယ့် အစီအစဉ်အားလုံးကို ဖျက်သိမ်းမယ်လို့ ဆိုပါတယ်။

ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနကတော့ အခုနှစ်မှာ ကျရောက်မယ့် ဆုန်ကရန်သင်္ကြန်ပွဲတော်ကို နိုင်ငံတဝန်း ခရိုင် ၇၆ ခုမှာ ဧပြီ ၂ ရက်ကနေ ၂၆ ရက်အထိ ရက်ရှည်ကျင်းပဖို့ ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013