
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကုန်းခရာပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကုန်းခရာပင်ကို သိပ္ပံလို Argemone mexicana လို့ခေါ်ပြီး အင်္ဂလိပ်လို Mexican prickly poppy လို့ ခေါ်ပါတယ်။
ကုန်းခရာပင်မှာ a & ẞ allocryptopines, codeine, paveramine, narcotine, papaverine, papaverosin, chelidoxanthin, glaucopicrin, isorhamnetion, agremone oil,berberine, protopine စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဝမ်းပျော့စေခြင်း၊ ဆီးရွှင်စေခြင်း၊ သွေးသန့်စင်ခြင်း၊ အဖျားကျစေခြင်း၊ ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ အနာကျက်စေခြင်း၊ အရေပြားကျန်းမာရေးကို မြှင့်တင်ပေးခြင်း စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ကုန်းခရာပင်ရဲ့ အရွက်၊ အမြစ်၊ အစေ့နဲ့ ပန်းပွင့်၊ အစေးတို့ကို သုံးစွဲကြပါတယ်။
ဆီးသွေးပါခြင်း၊ ပြည်ထွက်ခြင်းတွေအတွက် အပင်ပြုတ်ရည် တခါသောက်ရေနွေးကြမ်း ၁ ခွက်ကို ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ဆီးနီ၊ ဆီးနည်း၊ ဆီးအနည်ထိုင်ခြင်းတွေအတွက် အပင်ပြုတ်ရည် တခါသောက်ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၁- ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ဝမ်းချုပ်ခြင်း၊ ဗိုက်ပွခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့အတွက် အမြစ်မှုန့်ကို တနေ့ ကော်ဖီဇွန်းဝက် သောက်သုံးပေးနိုင်ပါတယ်။
အူလမ်းကြောင်း သန်ကောင်/တုတ်ကောင်တွေကို ဖယ်ရှားဖို့အတွက် အမြစ်မှုန့် တခါသောက် ကော်ဖီ ၁ ဇွန်း ကို ပျားရည် ကော်ဖီ ၁ ဇွန်း နဲ့ ၃ ရက်ခန့် သောက်သုံးပေးနိုင်ပါတယ်။
အပင်မှ အစေးလတ်လတ်ဆတ်ဆတ်ကို ဒဏ်ရာ၊ ထိခိုက်ရှနာတွေမှာ လိမ်းပေးခြင်းဖြင့် အနာကျက်စေပြီး အနာရောင်ရမ်းမှုကို သက်သာစေပါတယ်။
အရွက်နဲ့ ပင်စည်တို့ကို ကြိတ်ခြေပြီး အနှစ်ကို ပွေး၊ ဝဲ၊ နှင်းခူ နဲ့ အရေပြားနာတွေမှာ လိမ်းပေးနိုင်ပါတယ်။
အမြစ်မှုန့် ကော်ဖီ ၁ ဇွန်း ကို ရေနွေးနဲ့ သောက်သုံးခြင်းဖြင့် ဝမ်းကို ပျော့ပျော့သွားစေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
အစေ့ဆီကို နှမ်းဆီနဲ့ ရောစပ်ပြီး ကော်ဖီ ၂ ဇွန်း သောက်သုံးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ လေပွခြင်းနဲ့ ဗိုက်နာခြင်းတို့ကို သက်သာစေပါတယ်။
အဆစ် နာကျင်ရောင်ရမ်းခြင်းတွေမှာ အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၁-၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အစေ့ဆီကို နှမ်းဆီနဲ့ ရောစပ်ပြီး အဆစ် နာကျင်ရောင်ရမ်းခြင်းတွေမှာ လိမ်းပေးနိုင်ပါတယ်။
ဖျားနာခြင်းတွေမှာ အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် အပူကျစေပါတယ်။
အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၁ ကြိမ် သောက်ပေးခြင်းဖြင့် သွေးသန့်စင်စေပါတယ်။
ရေဖျဥ်းရောဂါမှာ အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ကင်းမြီးကောက်ကိုက်ခံရပါက အမြစ်ကိုထုထောင်းပြီး အုံပေးနိုင်ပါတယ်။
ကုန်းခရာပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ကုန်းခရာပင်နဲ့ ဓာတ်မတည့်သူတွေ ကုန်းခရာပင်ထွက် ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ ကုန်းခရာပင်ကို သောက်ဆေးအဖြစ် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူတွေ ကုန်းခရာပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











