
ဆူဒန်နိုင်ငံအတွင်း တိုက်ပွဲတွေနဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေတွေကြောင့် အိမ်နီးချင်း ချဒ် နိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်လာသူ အရေအတွက်ဟာရုတ်တရက် အဆမတန် မြင့်တက် လာနေပြီး အကူအညီပေးရေး ရန်ပုံငွေကလည်း လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က စက်တင်ဘာ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာတင် ချဒ်နိုင်ငံ အရှေ့ဖက်နယ်စပ်ကို တရက်ကို လူ ၄၀၀ ထက်မနည်း ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ဒါဟာ လွန်ခဲ့တဲ့ လပိုင်းတွေက အရေအတွက်နဲ့ ယှဉ်ရင် အဆ ၂၀ မက မြင့်တက်လာတာဖြစ်တယ်လို့ UNHCR ရဲ့ တာဝန်ရှိသူ မာဒို ဒီယန် ဘာလ်ဒေးက ဂျနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထွက်ပြေးလာသူတွေဟာ ဆူဒန်တပ်မတော်နဲ့ အရန်အမြန်တပ်ဖွဲ့ (RSF) တို့ကြား ၃ နှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒါဖာ၊ ကိုဒိုဖန်နဲ့ ဘလူးနိုင်းလ် ဒေသတွေက ဖြစ်ကြပါတယ်။
ဒါ့အပြင် အခုနှစ်အတွက် လိုအပ်တဲ့ ရန်ပုံငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံထဲက ၁၈ ရာခိုင်နှုန်းပဲ ရရှိသေးတယ်လို့ UNHCR က ဆိုပါတယ်။
ဒီလို ရန်ပုံငွေ မလုံလောက်မှုကြောင့် အစားအသောက်၊ ခိုလှုံစရာနေရာနဲ့ ဒုက္ခသည်တွေကို ဘေးကင်းတဲ့နေရာဆီ ရွှေ့ပြောင်းပေးနိုင်မှုတွေ လျော့နည်းသွားလိမ့်မယ်လို့ ဒီယန်ဘာလ်ဒေးက ပြောပါတယ်။
ဆူဒန်ဒုက္ခသည်တွေရဲ့ အခြေခံလိုအပ်ချက်တွေကို ချဒ်နိုင်ငံမှာ မဖြည့်ဆည်းပေးနိုင်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်ကြောင်းနဲ့ လုံခြုံမှုရဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်တဲ့အခါ ဥရောပဘက်ကို ဆက်လက်ထွက်ပြေးဖို့ ကြိုးစားကြတာမျိုးတွေ ရှိတယ်လို့လည်း UNHCR အေဂျင်စီက သတိပေးထားပါတယ်။
ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်တွေအရ ဆူဒန်ပြည်တွင်းစစ်ကြောင့် ဆူဒန်နိုင်ငံရဲ့ ဒေသအများအပြား ပျက်စီးခဲ့ရပြီး လူပေါင်း ၁၄ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို သီးနှံရိတ်သိမ်းမှုတွေ ပျက်စီးကာ စီးပွားရေးလည်း လုံးဝ ပြိုလဲခဲ့ရပါတယ်။
မိုးခေါင်ရေရှားမှုနဲ့ အခြားဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေကလည်း ပြည်သူတွေကို နေရပ်စွန့်ခွာဖို့ တွန်းအားပေးနေပါတယ်။
စစ်ပွဲစတင်ချိန်ကတည်းက ချဒ်နိုင်ငံထဲကို ဝင်ရောက်လာတဲ့ ဒုက္ခသည် စုစုပေါင်း ၁ သန်းနီးပါး ရှိနေပြီဖြစ်ပြီး ဒီနှစ်အတွင်းမှာတင် ၅၅,၀၀၀ ထက်မနည်း ဝင်ရောက်လာခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်အတွင်း အရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် အုပ်ချုပ်ရေးအဖွဲ့နဲ့ တခြားအလှူရှင် နိုင်ငံတွေက နိုင်ငံခြားအကူအညီ ပေးရေးရန်ပုံငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ဖြတ်တောက်ခဲ့ပြီးနောက်ပိုင်း UNHCR အပါအဝင် အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ ကြီးမားတဲ့ ရန်ပုံငွေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
Source:Reuters










