
ချဒ်နိုင်ငံရဲ့ မြို့တော် အင်ဂျမီနာမှာ အခြေစိုက်တဲ့ ပြင်သစ်စစ်လေယာဉ် ၂ စင်းကို ပြန်ခေါ်လိုက်ပြီးတဲ့နောက် ချဒ်နိုင်ငံထဲက ပြင်သစ်စစ်တပ်ကို စပြီး ပြန်ခေါ်ထုတ်လိုက်ပြီလို့ ပြင်သစ်စစ်တပ်က ပြောပါတယ်။
ချဒ်အစိုးရက ပြင်သစ်အစိုးရနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို အဆုံးသတ်ကြောင်း ပြောအပြီး သီတင်း ၂ ပတ်အကြာမှာ ခုလို တပ်ပြန်ရုပ်သိမ်းခဲ့တာပါ။
ဒေသတွင်း အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ဖျက်ရာမှာ အနောက်အုပ်စုရဲ့ မဟာမိတ်ဖြစ်တဲ့ ချဒ်အစိုးရဟာ အံ့အားသင့်စရာ လုပ်ဆောင်ချက်အနေနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို နိုဝင်ဘာမှာ အဆုံးသတ်ခဲ့ပါတယ်။
စစ်တပ် ရုပ်သိမ်းရေး စည်းမျဥ်းစည်းကမ်းတွေနဲ့ ပြင်သစ်တပ်တွေ ဗဟိုအာဖရိကနိုင်ငံမှာ ဆက်ရှိဦးမလားဆိုတာကို သဘောတူညီမှုမရသေးပေမဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပထမဆုံး Mirage စစ်လေယာဉ်တွေဟာ ပြင်သစ်နိုင်ငံ အရှေ့ပိုင်းက အခြေစိုက်စခန်းဆီ ပြန်ရောက်လာခဲ့ပါတယ်။
အနောက်အာဖရိကနိုင်ငံတွေမှာ စစ်တပ်က အာဏာသိမ်းပြီး ပြင်သစ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပြန့်ပွားလာပြီးတဲ့နောက် မာလီ၊ ဘာကီနာဖာဆိုနဲ့ နိုင်ဂျာ နိုင်ငံတို့က ပြင်သစ်စစ်သားတွေကို ပြင်သစ်အစိုးရက ဖယ်ရှားခဲ့ပြီးပါပြီ။
ချဒ်နိုင်ငံကနေ ထွက်ခွာခြင်းဟာ ဆာဟဲ ဒေသမှာ ဆယ်စုနှစ်များစွာကြာအောင် ပြင်သစ်စစ်တပ် ရှိနေခြင်းကို အဆုံးသတ်မှာဖြစ်ပြီး အဲဒီနေရာမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေအပေါ် ပြင်သစ်စစ်တပ်က တိုက်ရိုက်စစ်ဆင်ရေးတွေကို အဆုံးသတ်မှာလည်း ဖြစ်ပါတယ်။
ချဒ်နိုင်ငံထဲမှာ ပြင်သစ်တပ်ဖွဲ့ဝင်အယောက် ၁,၀၀၀ လောက် ရှိနေပါသေးတယ်။ ချဒ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြင်သစ်စစ်လေယာဉ်တွေ ထွက်သွားတာကို အတည်ပြုခဲ့ပြီး တပ်ရုပ်သိမ်းတာနဲ့ ပတ်သက်လို့ (ပြင်သစ်) တပ်ဖွဲ့တွေ အပြီးအပြတ် ထွက်ခွာချိန်အထိ ပြည်သူတွေကို အသိပေးထားမယ်လို့ ပြောပါတယ်။
ချဒ်၊ ဂါဘွန်နဲ့ အိုင်ဗရီကို့စ်နိုင်ငံတွေမှာလည်း ပြင်သစ်စစ်အင်အားကို လျှော့ချနိုင်မယ့် အဆိုပြုချက်ပါတဲ့ ပြင်သစ်သံတမန် ရဲ့ အစီရင်ခံစာကို ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းဆီ ပြီးခဲ့တဲ့လက တင်သွင်းခဲ့ပေမဲ့ ချဒ်ရဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ကို ပြင်သစ်အစိုးရက ကြိုတင်အသိပေး အကြောင်းကြားတာမျိုး မရှိခဲ့ပါဘူး။
Source: Reuters










