
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ရိုဟင်ဂျာ ၁၂ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးလိုက်တယ်လို့ စစ်တပ်နှင့် နီးစပ်သူတွေထံက သိရပါတယ်။
မေလ ၅ ရက် မနေ့ ညနေပိုင်းက ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၁၂ ယောက်ကို သာပေါင်းမြို့နယ်၊ သဲဖြူ ကျေးရွာအနီးမှာ စစ်တပ်က ဖမ်းဆီးလိုက်တာပါ။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က "အုပ်ချုပ်ရေးမှူးက ဖုန်းဆက်အကြောင်းကြားလို့ တပ်နဲ့ ရဲတွေက သွားဖမ်းခဲ့တာပါ။ အဖမ်းခံရတဲ့သူတွေက ခြေလျင်လာကြတာဖြစ်ပြီး ဘယ်မှာ ဖမ်းဆီးချုပ်နှောင် ထားတယ်ဆိုတာတော့ မသိရသေးပါဘူး"လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၃ ယောက်နဲ့ ကလေးငယ် ၂ ယောက် တို့ ပါဝင်ပြီး သူတို့ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ဘက်ကနေ လာကြသူတွေ ဖြစ်ပါတယ်။
မတ်လအတွင်းကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ရေကြည်မြို့နယ်မှာ ရိုဟင်ဂျာ ၇ ယောက် ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။










