
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မှာ ကျေးရွာ ၉ ထက်မနည်း ရေကြီးရေလျှံလို့ နေအိမ်တွေထဲ ရေတွေဝင်နစ်မြုပ်နေတယ်လို့ ရွာသားတွေကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးနေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဩဂုတ် ၁၀ ရက်မနက်ပိုင်းကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းတာနဲ့ ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာတာကြောင့် ဧည့်ပြကျေးရွာ၊ ကျွန်းဦးကျေးရွာ၊ မက္ခရာကျေးရွာ၊ အင်းလျား(အရှေ့)ကျေးရွာ၊အင်းလျား(အနောက်)ကျေးရွာ၊ စိတ္တရကျေးရွာ၊ တံတားဦးလေးကျေးရွာ၊ သာယာကျွန်းကျေးရွာ၊ ဘူတာကျေးရွာ စတဲ့ကျေးရွာတွေ ရေကြီးရေလျှံတာတွေဖြစ်ကာ နေအိမ်ထဲ ရေဝင်နစ်မြုပ်နေတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူက “မိုးတွေရွာပြီး မြစ်ရေတွေဝင်နေတာ။ နေအိမ်တွေနစ်မြုပ်လာတဲ့ဒေသတွေက ရေဘေးသင့်ဒေသခံတွေကို သြဂုတ် ၁၀ ရက် ညနေပိုင်းကတည်းက အရေးပေါ်ပြောင်းရွှေ့ပေးထားပါတယ်” လို့ပြောပါတယ်။
လတ်တလော ကျေးရွာ ၉ ရွာက ဒေသခံ အိမ်ထောင်စု ၃၁၉ စုက လူအယောက် ၁၂၂၀ ကို ရေဘေးလွတ်တဲ့ဘုန်းတော်ကြီးကျောင်းတွေနဲ့ နီးစပ်ရာမိသားစုတွေဆီကို ပရဟိတအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေက ကူညီပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။
ရေကြီးနေတဲ့ ကျေးရွာ ၉ ရွာက ဒေသခံတွေအပြင် ဒေသခံတွေမွေးမြူထားတဲ့ ဆိတ်၊ ဝက်နဲ့ နွားတွေ အပါအဝင် အိမ်မွေးတိရစ္ဆာန်တွေပါ အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။
Photo : ကူညီကယ်ဆယ်ရေးအဖွဲ့










