
ပြည်သူ့အသံကို တကမ္ဘာလုံးသိအောင် ဆက်ပြီးကြိုးစားမယ်လို့ အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ (NED) ရဲ့ ဒီမိုကရေစီဆုပေးပွဲမှာ သပိတ်ခေါင်းဆောင် ကိုနန်းလင်းက ပြောဆိုလိုက်ပါတယ်။
ဒေသစံတော်ချိန်၊ စက်တင်ဘာ ၁၀ ရက်နေ့မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ National Endowment for Democracy (NED) ရဲ့ ၂၀၂၆ ခုနှစ်အတွက် ဒီမိုကရေစီဆုပေးပွဲအခမ်းအနားကို ဗာဂျီးနီးယားပြည်နယ်၊ ဂျော့ဝါရှင်တန်နေအိမ်ပြတိုက်တည်ရှိရာ Mount Vernon မှာ ကျင်းပခဲ့တာပါ။
NED ရဲ့ ၂၀၂၆ ဒီမိုကရေစီဆုပေးပွဲမှာ ဒီမိုကရေစီအရေးအတွက် ကြံခိုင်မှုရှိရှိတွန်းလှန်နေတဲ့ လူထုလှုပ်ရှားမှုဦးဆောင်အစုအဖွဲ့တွေအား ပေးအပ်တဲ့ဆုကို သပိတ်ခေါင်းဆောင်ကိုနန်းလင်းက အွန်လိုင်းကနေ ကိုယ်စား လက်ခံရယူခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ NED ဟာ အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ ထောက်ခံပံ့ပိုးမှုသာမက အဓိက ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ၂ ပါတီစလုံးရဲ့ ထောက်ခံပံ့ပိုးမှုတွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
သပိတ်ခေါင်းဆောင် ကိုနန်းလင်းက “မတရားအကျဉ်းကျခံနေရသူမှန်သမျှ အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ကိုလည်း ဒီနေရာကနေ ပြတ်ပြတ်သားသားတောင်းဆိုလိုက်ပါတယ်။ ငါးနှစ်ကျော်လာသည့်တိုင် လွတ်လပ်မှုအတွက် ကျနော်တို့ဆက်ပြီးတော့ တိုက်ပွဲဝင်နေပါတယ်၊ မြို့ပြတွေမှာ လျှို့ဝှက်ပြီး ဆန်းသစ်တဲ့ လှုပ်ရှားမှုတွေ ဆက်ရှိနေမှာဖြစ်သလို စစ်အုပ်စုရဲ့ ဆင်ဆာနဲ့ အင်တာနက်ဖြတ်တောက်မှုတွေကြားကပဲ ဒီမိုကရေစီမျှော်လင့်ချက်ဆိုင်ရာ သတင်းစကားတွေကို ဆက်ပြီးတော့ ဖြန့်ဝေနေမှာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေကြားကနေ ကျနော်တို့ လူထုလှုပ်ရှားမှုအဖွဲ့အစည်းတွေဟာ လူထုကြားမှာ ယနေ့တိုင် စည်းရုံးလှုပ်ရှားနေဆဲဖြစ်ပါတယ်။ အမှောင်မိုက်ဆုံးနေ့ရက်တွေမှာတောင် ကျနော်တို့ပြည်သူတွေဟာ အဖန်တလဲလဲ ရုန်းထတိုက်ပွဲဝင်နေကြပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်မရောက်မချင်း ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူးဆိုတဲ့ ကျနော်တို့ပြည်သူတွေရဲ့အသံတွေကို ကမ္ဘာတခုလုံးသိနိုင်ကြားနိုင်အောင် ကျနော်တို့ဆက်ပြီး ကြိုးစားသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရုရှား၊ ကျူးဘား၊ ဆီးရီးယား၊ အီသီယိုးပီးယားနဲ့ မြန်မာနိုင်ငံတို့က လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ (NED) က ၂၀၂၆ ခုနှစ်အတွက် ဒီမိုကရေစီဆုတွေ ရွေးချယ်ပေးအပ်ခဲ့တာပါ။
NED အဖွဲ့က ဒီမိုကရေစီစံနှုန်းတွေဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ စုဝေးခွင့်နဲ့ ဆန္ဒဖော်ထုတ်ခွင့်စံနှုန်းတွေနဲ့ချိန်ညှိပြီး ၂၀၂၆ ခုနှစ်အတွက် ဒီမိုကရေစီဆုတွေကို ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အထက်လွှတ်တော်အမတ် Todd Young က “မြန်မာစစ်အာဏာရှင်တွေဟာ လူ့အခွင့်အရေးတွေကိုချိုးဖောက်ပြီး အကြမ်းဖက်မှုတွေပြုလုပ်နေတာပါ၊ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးဆုံးရှုံးနေတဲ့ ဘေးဒုက္ခဟာ ပတ်ဝန်းကျင်ဒေသတွေအထိပါ ပျံ့နှံ့နေတာဖြစ်ပါတယ်၊ ၂၀၂၁ စစ်အာဏာသိမ်းကတည်းက နန်းလင်းဟာ ကြံကြံခိုင်ခိုင်နဲ့ နှစ်တွေနဲ့ချီပြီး လူထုကိုစည်းရုန်းဖို့ မတရားမှုတွေ၊ ဖမ်းဆီးမှုတွေကြားမှာ သူ့ကိုယ်သူရင်းနှီးမြှုပ်နှံခဲ့တာပါ၊ နန်းလင်းရဲ့ မငြင်းဆန်နိုင်တဲ့ ကြံ့ခိုင်မှုတွေနဲ့ လူထုလှုပ်ရှားမှုတွေကို သရုပ်ဖော်နိုင်ခဲ့သူဖြစ်ပါတယ်၊ အခုလို နန်လင်းနဲ့ လူထုလှုပ်ရှားမှုဆောင်ရွက်တဲ့ အစုအဖွဲ့တွေက အသိအမှတ်ပြုတဲ့ဆုကို ထိုက်ထိုက်တန်တန် လက်ခံရယူနိုင်တဲ့အပေါ် ဂုဏ်ယူတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ဒီမိုကရေစီဆုကို NED ရဲ့ ဒါရိုက်တာအဖွဲ့က နှစ်စဉ် ပေးအပ်ချီးမြှင့်ခဲ့ပြီး ကမ္ဘာတဝန်းက ဖိနှိပ်မှုတွေကြားမှာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့သူတွေ၊ လူ့အခွင့်အရေးကို မြှင့်တင်ပေးခဲ့တဲ့သူတွေ၊ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ခိုင်မာစေခဲ့တဲ့သူတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုသောအားဖြင့် ပေးအပ်တာဖြစ်ပါတယ်။
NED ရဲ့ ဒီမိုကရေစီဆုရုပ်တုဟာ ၁၉၈၉ ခုနှစ်၊ တရုတ်နိုင်ငံ တီယန်နန်မင်ရင်ပြင် ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေ စိုက်ထူခဲ့တဲ့ ဒီမိုကရေစီနတ်ဘုရားရဲ့ ပုံတူရုပ်ထုဖြစ်ပါတယ်။











