သူလျှိုလုပ်မှုပြဿနာကြောင့် ပရီးမီးယားလိဂ်တက်ခွင့် ပလေးအော့ဖ်ဗိုလ်လုပွဲကနေ ထုတ်ပယ်ခံရတဲ့အပေါ် ဆောက်သမ်တန်အသင်းက အယူခံဝင်ခဲ့တာမှာ EFL အယူခံကော်မတီက ပယ်ချလိုက်ပါတယ်။
ဒါကြောင့် မစ်ဒယ်ဘရော့အသင်းဟာ ဆောက်သမ်တန်နေရာမှာ အစားထိုးဝင်ရောက်ပြီး စနေနေ့ ဝင်ဘလေကွင်းမှာ ဟားလ်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ သေချာသွားပါပြီ။
ဆောက်သမ်တန်ဟာ မန်စီးတီးအသင်းရဲ့ နာမည်ကြီးရှေ့နေ လော့ဒ်ပန်းနစ်ခ်ကို ငှားရမ်းပြီး အပြင်းအထန် ခုခံချေပခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ လာမဲ့ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ် ၄ မှတ် အနုတ်ခံရမဲ့ ပြစ်ဒဏ်ပါ အတည်ဖြစ်သွားခဲ့ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်တက်ခွင့် ဆုံးရှုံးသွားတာကြောင့် တယောက်ကို ပေါင် ၂ သိန်းခွဲလောက် ရရှိမဲ့ ပရိုမိုးရှင်းဆုကြေးတွေ နစ်နာခဲ့ရတဲ့ ဆောက်သမ်တန်ကစားသမားတွေကလည်း ကလပ်အသင်းကို တရားစွဲဖို့ ပြင်ဆင်နေကြပါတယ်။
ဆောက်သမ်တန်ဟာ အောက်စဖို့ဒ်၊ အစ်ဝစ်ချ်နဲ့ မစ်ဒယ်ဘရော့ အသင်းတွေရဲ့ လေ့ကျင့်ရေးတွေကို လျှို့ဝှက်ထောက်လှမ်း ဗီဒီယိုခိုးရိုက်ခဲ့တာလို့ ဝန်ခံထားပါတယ်။











