
ထိုင်းနိုင်ငံမှာပဲ ထုတ်လုပ်ထားတဲ့ ကင်ဆာပစ်မှတ်ထားကုထုံးဆေး IMCRANIB 400 ကို ထိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အတည်ပြုလိုက်တယ်လို့ The Nation Thailand သတင်းမှာ မေ ၂၀ ရက်က ဖော်ပြပါတယ်။
ဒါဟာ ကင်ဆာလူနာတွေ အရည်အသွေးမီကုသမှုကို ပိုပြီးလက်လှမ်းမီစေဖို့၊ ပြည်ပက ဆေးဝါးတင်သွင်းရမှုအပေါ် မှီခိုနေရတာကို လျှော့ချဖို့နဲ့ တကြိမ်သောက်ရင် ဆေးပြားအများကြီး သောက်နေရတဲ့ လူနာတွေအတွက် ပိုပြီးအဆင်ပြေစေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ထိုင်း FDA အထွေထွေအတွင်းရေးမှူးချုပ် စူပတ်ထရာ ဘွန်ဆမ်ဟာ ပြီးခဲ့တဲ့ မေ ၁၉ ရက်က ချူလာဘွန် တော်ဝင်အကယ်ဒမီအောက်မှာရှိတဲ့ တော်ဝင်စီမံကိန်း ဆေးဝါးထုတ်လုပ်ရေးစက်ရုံရဲ့ ဒါရိုက်တာ ဒေါက်တာ ဝချာရာ ကန်ချာနာ ကာဝင် ကူးလ်ဆီ IMCRANIB 400 ဆေးမှတ်ပုံတင်လက်မှတ် လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဆေးဟာ ထိုင်းနိုင်ငံက ပညာရှင်တွေ ကိုယ်တိုင်သုတေသနပြုပြီး ထုတ်လုပ်ထားတဲ့ ကင်ဆာပစ်မှတ်ထား ကုထုံးဆေးရဲ့ ၄၀၀ မီလီဂရမ် အာနိသင်ရှိတဲ့ ဆေးအမျိုးအစားသစ် ဖြစ်သလို ဆေးဝါးလုံခြုံစိတ်ချရမှုဆီ ခြေလှမ်းသစ်တရပ်အနေနဲ့ အခုလို အတည်ပြုပေးလိုက်တာဟာ ထိုင်းနိုင်ငံမှာ ကင်ဆာဆေးဝါးတွေ ပြည်တွင်းဖြစ် ထုတ်လုပ်တိုးတက်လာမှုအတွက် နောက်ထပ် အရေးကြီးတဲ့ မှတ်တိုင်တခုဖြစ်တယ်လို့ စူပတ်ထရာက ပြောပါတယ်။
IMCRANIB 400 ဆေးဟာ ၂၀၂၅ ခုနှစ်တုန်းက ထိုင်းနိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းထုတ် ပစ်မှတ်ထားကုထုံးဆေးအဖြစ် ထိုင်း FDA ရဲ့ အတည်ပြုချက်ရခဲ့တဲ့ IMCRANIB 100 ဆေးရဲ့ အောင်မြင်မှုအပေါ် အခြေခံပြီး ထပ်မံထုတ်လုပ်လိုက်တာပါ။
လူနာတွေ သောက်ရအဆင်ပြေအောင် ပုံစံထုတ်ထားတဲ့ အာနိသင်အသစ် IMCRANIB 400 ဆေးမှာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဖြစ်စေတဲ့ အင်ဇိုင်းတွေကို ပိတ်ဆို့တားဆီးပေးတဲ့ အီမာတစ်နစ်ဘ် ဆိုတဲ့ ပစ်မှတ်ထားကုထုံးဓာတ် ပါဝင်ပြီး လူနာတွေအနေနဲ့ တကြိမ်ကို ဆေးပြားအများကြီး သောက်ရမဲ့အစား တပြားတည်း သောက်ရုံနဲ့တင် လုံလောက်သွားနိုင်တာမို့ ဆေးသောက်ဖို့ မေ့ကျန်ခဲ့တာမျိုး မရှိတော့ဘဲ ကုသမှုကို စနစ်တကျ လိုက်နာနိုင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလက အတည်ပြုခဲ့ပြီး ချူလာဘွန်ဆေးရုံမှာ စမ်းသပ်အသုံးပြုခဲ့တဲ့ IMCRANIB 100 ဆေးတုန်းကဆိုရင် ပြည်ပက သွင်းတဲ့ဆေးတွေနဲ့ ယှဉ်ရင် ကုသမှုစရိတ်ကို အဆ ၄၀ ထက်မက သက်သာစေခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်း FDA ရဲ့ အဆိုအရ အခု IMCRANIB 400 ဆေးကို ချွန်ပူရီခရိုင်ထဲက တော်ဝင်စီမံကိန်း ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ခေတ်မီနည်းပညာတွေ သုံးပြီး ထုတ်လုပ်ထားတာ ဖြစ်သလို ပြည်ပကသွင်းတဲ့ဆေးတွေ နည်းတူ ဆေးဝါးရဲ့ အရည်အသွေး၊ ဘေးကင်းစိတ်ချရမှုနဲ့ ထိရောက်မှုတွေ စံချိန်စံညွှန်းမီစေဖို့ ရည်ရွယ်တာဖြစ်ပြီး ကင်ဆာလူနာတွေ ကုသမှုကို ပိုပြီး လက်လှမ်းမီလာစေမယ်လို့ ဆိုပါတယ်။
ဒီဆေးက ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို ပိတ်ဆို့လိုက်ခြင်းအားဖြင့် ကင်ဆာဆဲလ်တွေ ကြီးထွားလာတာ၊ ဒါမှမဟုတ် ပျံ့နှံ့သွားတာကို နှေးကွေးသွားစေပြီး တချို့လူနာတွေမှာ ရောဂါကို ရေရှည်ထိန်းချုပ်နိုင်ဖို့ ကူညီပေးသလို ဒီပစ်မှတ်ထားကုထုံးတွေရဲ့ အဓိကအားသာချက်ကတော့ သာမန်ဓာတုကုထုံးတွေနဲ့မတူဘဲ ကင်ဆာဆဲလ်တွေကိုပဲ သီးသန့် ပစ်မှတ်ထားတိုက်ခိုက်တာမို့ ခန္ဓာကိုယ်ထဲက ပုံမှန်ဆဲလ်တွေအပေါ် ထိခိုက်မှုကို လျှော့ချပေးနိုင်တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် IMCRANIB 400 ကို ဆဲလ်တွေထဲက မျိုးရိုးဗီဇနဲ့ အင်ဇိုင်းဆိုင်ရာ ပုံမှန်မဟုတ်မှုတွေကြောင့် ဖြစ်ပွားတဲ့ သွေးကင်ဆာအမျိုးအစားတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာ၊ ရိုးတွင်းခြင်ဆီဆိုင်ရာ ရောဂါတချို့နဲ့ ရှားပါးအရေပြား ကင်ဆာ စတဲ့ ရောဂါတော်တော်များများကို ကုသရာမှာ အသုံးပြုနိင်တယ်လို့ ဆိုပါတယ်။
ပစ်မှတ်ထားကုထုံးတွေဟာ သာမန်ဓာတုကုထုံးတွေထက် ဘေးထွက်ဆိုးကျိုး နည်းနိုင်တယ်ဆိုပေမဲ့ မအီမသာဖြစ်တာ၊ အော့အန်တာ၊ မောပန်းလွယ်တာ၊ ကြွက်သား နာကျင်တာ၊ အဖုအပိမ့်ထွက်တာ၊ ယားယံတာ၊ ဝမ်းလျှောတာ၊ အစားအသောက် ပျက်တာ၊ မျက်လုံးတဝိုက် ဖောရောင်တာ၊ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေ ရောင်ရမ်းတာမျိုးတွေတော့ ဖြစ်တတ်ပါတယ်။
ဒါကြောင့်မို့ လူနာတွေအနေနဲ့ အသက်ရှူရခက်ခဲတာ၊ ပုံမှန်မဟုတ်ဘဲ သွေးထွက်တာ၊ ခဏခဏ ပိုးဝင်တာ၊ ဖျားကြီးတာ၊ ပြင်းပြင်းထန်ထန် ဖောရောင်တာ ဒါမှမဟုတ် အသည်းရောင်တာမျိုး ခံစားရရင်တော့ ဆရာဝန်နဲ့ ချက်ချင်း ပြသရမှာဖြစ်သလို အသည်းရောဂါ၊ နှလုံးရောဂါလိုမျိုး အခံရောဂါရှိသူတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေဆိုရင်တော့ ဒီဆေးကို မသောက်သုံးခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စနစ်တကျ စစ်ဆေးမှု ခံယူရမယ်လို့ ဆိုပါတယ်။
Source: The Nation Thailand










