
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း အတည်ပြုလိုက်တဲ့အခါ သက်ရှိထင်ရှား ရှိနေသေးရဲ့လားဆိုတဲ့ သံသယတချို့ လျော့သွားခဲ့ပေမဲ့ စစ်အာဏာရှင်က ထုတ်ပြန်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကိုတော့ မေးခွန်းထုတ်သူတွေ များနေဆဲ ဖြစ်ပါတယ်။
သူတို့ထုတ်ပြန်စာမှာ ဓာတ်ပုံမပါလာတော့ ICRC အဖွဲ့က မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူခွင့် မရတာလားလို့ စဉ်းစားစရာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ဘက်က ထုတ်ပြန်တဲ့ပုံပဲ ဖြစ်နေလို့ သူတို့နဲ့ပတ်သက်ရင် အစဉ်အဆက် ယုံမှားသံသယ ကြီးမားလွန်းနေတော့ ဘယ်သူကမှ လွယ်လွယ်မယုံချင်ကြပါဘူး။
ICRC ရဲ့ သတင်းထုတ်ပြန်ချက်အရ
-၂၀၂၆ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ကိုယ်စားလှယ်တဦး ဒေါ်အောင်ဆန်းစုကြည်ဆီ သွားရောက်တွေ့ဆုံခဲ့တယ်။
-အကျဉ်းကျခံထားရသူတွေကို သွားရောက်ကြည့်ရှုတဲ့ ICRC ရဲ့ စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် စကားပြောဆိုခွင့် ရခဲ့တယ်။
-ထိန်းသိမ်းခံထားရသူတွေ မိသားစုနဲ့ သတင်းအချက်အလက် လဲလှယ်နိုင်အောင် ICRC ရဲ့ လုပ်ထုံး လုပ်နည်းအတိုင်း ဆောင်ရွက်ပေးခဲ့တယ်။
-ဒီတွေ့ဆုံမှုက တွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကိုတော့ ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေနဲ့ပဲ သီးသန့် လျှို့ဝှက်မျှဝေသွားမှာ ဖြစ်တယ်။
-ICRC အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေဆီ ဆက်လက် ဝင်ရောက်ကြည့်ရှုခွင့်ရဖို့ သက်ဆိုင်သူတွေနဲ့ ဆက်လက် ညှိနှိုင်းနေတယ်။
သြဂုတ် ၃ ရက် မနက်ပိုင်းမှာ တွေ့ခွင့်ရခဲ့တာကို စစ်အာဏာရှင်ဘက်က သတင်းထုတ်ပြန်တဲ့ ဆက်စပ်ဓာတ်ပုံတွေထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့တုန်းက မွေးနေ့ကိတ်မုန့် ဓာတ်ပုံကို ဘာကြောင့် ထည့်သွင်းထားသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ မိသားစုလို စောင့်ရှောက်ထားပါတယ်လို့ ဝါဒဖြန့်ချင်တဲ့ သဘောလားလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
မီဒီယာတွေရဲ့ Verification Tools Process အကြံပြုချက် ထုံးစံတွေအရဆိုရင် ဘယ်သူက စဖြန့်တဲ့ပုံလဲ၊ ဘယ်တုန်းက ဘယ်နေရာမှာရိုက်တာလဲ၊ မူရင်းပုံလား၊ လက်ရှိ အခင်းအကျင်းနဲ့ ကိုက်ညီလား ဆိုတာတွေကို စိစစ်ရပါတယ်။
မိုးလေဝသ၊ အဆောက်အအုံ၊ လမ်းဆိုင်းဘုတ်၊ အဝတ်အစား၊ ဂြိုဟ်တုဓာတ်ပုံစတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်တဲ့ ပတ်ဝန်းကျင် နောက်ခံမြင်ကွင်း၊ Google Maps / Street View တွေနဲ့ စစ်လို့မရပါဘူး။ ဘယ်နေရာမှန်းမသိရတဲ့ ဧည့်ခန်းမြင်ကွင်း (Indoor photo) တခုပဲ ဖြစ်နေပါတယ်။
AI Generated Images ဟုတ်မဟုတ် စစ်လေ့ရှိကြတဲ့ လက်ချောင်း၊ မျက်လုံး၊ နှုတ်ခမ်း၊ နားရွက်၊ ဆံပင်၊ လူပုံရိပ်အစွန်းထွက်တွေနဲ့ ကြမ်းပြင်၊ နံရံ အရိပ်ကျပုံတွေမှာလည်း ထူးခြားနေတာ မတွေ့ရပါဘူး။ Resolution အရ ကင်မရာရှုထောင့်ကို နားမလည်တဲ့သူတယောက်က သာမန်ဖုန်းကင်မရာမျိုးနဲ့ ပြီးစလွယ် မှတ်တမ်းတင်ရိုက်ထားတဲ့ ပုံပေါက်နေပါတယ်။ ရည်ရွယ်ချက်ရှိရှိ Downsize လုပ်ပြီး ဝါးတားတားပုံကိုပဲ တမင်ထုတ်သလားလို့တောင် ထင်ချင်စရာဖြစ်ပါတယ်။
ICRC တာဝန်ခံနဲ့ နှုတ်ဆက်တဲ့ ဓာတ်ပုံမှာ ပုံကြီးချဲ့ကြည့်ရင် ပုံမှန်လက်ဆွဲနှုတ်ဆက်ပုံ မဟုတ်ဘဲ COVID-19 ကာလအတွင်း ဗိုင်းရပ်စ်ရောဂါကူးစက်မှု ကာကွယ်ဖို့ ရေပန်းစားခဲ့တဲ့ လက်သီးဆုပ်ချင်းထိ (Fist bump) နှုတ်ဆက်ပုံမျိုး ဖြစ်နေပါတယ်။ တယောက်တည်း ၅ နှစ်လောက် အထီးကျန်အနေကြာထားတဲ့ အသက် ၈၁ နှစ်အရွယ် အမေအိုတဦးအနေနဲ့ ကူးစက်ရောဂါပိုး ခံနိုင်ရည်အား ကျဆင်းနေနိုင်တာကြောင့် အပြင်ကလာတဲ့ ဧည့်သည်တိုင်းကို ဒီလိုပဲ လက်သီးဆုပ် နှုတ်ဆက်ပုံက ပိုသဘာဝကျနိုင်ပါတယ်။
ဒစ်ဂျစ်တယ် ကင်မရာနဲ့ရိုက်ထားတဲ့ မူရင်းပုံတွေမှာ ကင်မရာမော်ဒယ်၊ Lens, Date, Time, GPS Location, Software info စတဲ့ EXIF Data တွေ ပါလေ့ရှိပေမဲ့ Social Media မှာ တင်ပြီးတဲ့ပုံတွေမှာတော့ နောက်ခံအချက်အလက် Metadata ရှာလို့ မရတော့ပါဘူး။ metadata2go.com ကတော့ ကင်မရာနဲ့ဆိုင်တဲ့ အချက်အလက် EXIF Data ရှာလို့မရတော့ဘူးလို့ ဆိုပါတယ်။
ထုံးစံအတိုင်း Google Lens နဲ့ စစ်ကြည့်ရင်တော့ ဒီလိုတွေ့ရပါမယ်-
"This image is an authentic photograph released by the Myanmar military-controlled President's Office. It depicts Myanmar's ousted leader Aung San Suu Kyi shaking hands with Arnaud de Baecque, the resident representative of the International Committee of the Red Cross (ICRC)."
AI Detector tools တွေနဲ့ စိစစ်ကြည့်တဲ့အခါ OpenAI Verify: သူတို့ဖန်တီးထားတဲ့ပုံ မဟုတ်ဘူးလို့ ဖြေပါတယ်။
wasitai.com နဲ့ thehive.ai: AI နဲ့ ဖန်တီးထားတဲ့ ပုံမဟုတ်ဘူးလို့ ဆိုပြီး Likely to be 0% Deepfake / Likely to be 0% AI Generated လို့ အဖြေထွက်ပါတယ်။
AI Generated Image တွေမှာ စိစစ်ရလွယ်ကူအောင် လူမျက်လုံးနဲ့ မမြင်ရနိုင်တဲ့ SynthID နဲ့ Invisible Watermark ပါလာဖို့ AI Lab အများစုက သဘောတူထားကြတယ်လို့ Google I/O 2026 မှာ ကြေညာထားခဲ့ပါတယ်။ Google အနေနဲ့ Chrome browser ထဲမှာတင် Right Click လုပ်ပြီး Google Lens နဲ့ စိစစ်နိုင်သလို၊ Google SynthID Detector Portal နဲ့ Gemini တွေမှာလည်း စိစစ်လို့ ရနေပါပြီ။ ရေကြောင့်ဖြစ်တဲ့ ရွှံ့ကို ရေနဲ့ပဲ ဆေးရတယ်ဆိုသလိုမျိုး AI နဲ့လုပ်ထားတဲ့ ပုံတုကို AI နဲ့ပဲ ပြန်စိစစ်ရမှာပါ။
AI Detector တွေအများစုက အခုလို တညီတညွတ်တည်း ပြောနေကြပေမဲ့ အကြိမ်ကြိမ် ခဲမှန်ဖူးတဲ့ စာသူငယ်တွေလိုပဲ ပြည်သူတွေအနေနဲ့ ယုံကြည်ဖို့ တွန့်ဆုတ်နေဆဲပါပဲ။
နောက်ဆုံးမှတ်ချက်ပေးရရင်တော့ ခုထိ စိစစ်ကြည့်နိုင်သလောက် ရလဒ်တွေအရ ဒီဓာတ်ပုံတွေဟာ အစစ်ဖြစ်ဖို့ များတယ်လို့ ယူဆနိုင်ပါတယ်။
ဒါပေမဲ့ ဒီဓာတ်ပုံတွေကို ထုတ်ပြန်တဲ့ နောက်ကွယ်က စစ်အုပ်စုရဲ့ ရည်ရွယ်ချက်နဲ့ စေတနာက အစစ်အမှန် ဟုတ်၊ မဟုတ် ဘယ်သူက ယုံကြည်နိုင်ပါ့မလဲ။










