
ယူကရိန်းလေတပ်က ရုရှားရဲ့ မြန်နှုန်းမြင့် ဒရုန်းအသစ်တွေကို ပစ်ချနိုင်ဖို့အတွက် AI နည်းပညာနဲ့ ထိန်းချုပ်ထားတဲ့ စက်ရုပ်သေနတ်တွေ စတင်အသုံးပြုနေပြီဖြစ်ကြောင်း အောက်တိုဘာ ၅ ရက်မှာ အတည်ပြုပါတယ်။
အဲဒီနောက် ရုရှားဒရုန်းအသစ်တွေကို ပစ်ချနိုင်ဖို့ သင့်လျော်တဲ့ လက်နက်ခဲယမ်းတွေ ပြတ်လပ်နေတဲ့ အလျောက် ယူကရိန်းဘက်က လပေါင်းများစွာကြာအောင် ဟန့်တားနိုင်မဲ့ နည်းလမ်းအသစ်တွေ ရှာဖွေနေခဲ့တာပါ။
အခုလိုမျိုး ရုရှားဘက်က အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဒရုန်းအသစ်ဟာ အီရန်ထုတ် ရှာဟက်ဒ် ဒရုန်းတွေကို အခြေခံထားတဲ့ မော်ဒယ်တွေထက် ပိုပြီးမြန်ဆန်သလို ကြားဖြတ်ပစ်ချဖို့လည်း ပိုမိုခက်ခဲကြောင်း သိရပါတယ်။
ယူကရိန်းလေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယူရီ အစ်ဂ်နတ် ကတော့ ဒီလက်နက်စနစ်အသစ်ရဲ့ လွှမ်းခြုံနိုင်စွမ်း နည်းပါးတယ် ဆိုတာကို ဝန်ခံခဲ့တဲ့အပြင် “ဒါဟာ ဘက်စုံကုစားပေးနိုင်မဲ့ ဆေးတလက် (Panacea) မဟုတ်ဘူး” လို့ပါ ပြောသွားပါတယ်။
“အဲဒီစနစ်ဟာ တစ်ကီလိုမီတာဝန်းကျင် အကွာအဝေးမှာသာ အလုပ်လုပ်နိုင်ပါတယ်။ ပြီးတော့ အခြေအနေတွေ ပေးတဲ့အခါ၊ ဝင်တိုက်လာတဲ့ ရှုထောင့် သင့်တော်တဲ့ အချိန်မျိုးမှာသာ အသုံးပြုနိုင်ပါတယ်” ဆိုပြီး ဖြည့်စွက်ပြောပါတယ်။
ယူကရိန်းမြို့တော် ကိယက်ဗ်မှာ AI နည်းပညာသုံး စက်ရုပ်သေနတ်ပေါင်း ၁၂ ခုအထိ တပ်ဆင်ထားပြီးဖြစ်သလို နောက်ပိုင်းမှာလည်း ဆုံလည်သေနတ်စင်တွေ ထပ်ပြီး နေရာချဖို့ရှိကြောင်း ဖော်ပြထားပါတယ်။
ဒီဆုံလည်သေနတ်တွေက “ပေါင်းစပ်ထားတဲ့ လေကြောင်းကာကွယ်ရေးစနစ်ရဲ့ တစိတ်တပိုင်းသာ ဖြစ်တဲ့အပြင် ပစ်မှတ်တွေကို ချေမှုန်းပေးနိုင်တဲ့ အကွာအဝေးအရပါ ကွာခြားမှုရှိတယ်” လို့ ဆိုပါတယ်။
“ဒီဒရုန်းတွေဟာ အမြင့်ပျံနိုင်ပြီး အရှိန်မြန်ပါတယ်။ ဒါကို အမီလိုက်နိုင်တာက တိုက်လေယာဉ်တွေပါ၊ အထူးသဖြင့် F-16 တွေပဲ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီး အစ်ဂ်နတ်က ပြောပြပါတယ်။
တချို့လေယာဉ်မှူးတွေဆိုရင် “စစ်ဆင်ရေး တခေါက်ထွက်ရုံနဲ့ ရှာဟက်ဒ် ဒရုန်းပေါင်း ၁၀ စီးထက်မက ပစ်ချနိုင်တယ်” လို့လည်း ဆိုပါတယ်။
၂၀၂၂ ခုနှစ်အတွင်း အလုံးစုံကျူးကျော်မှု စတင်ပြီးချိန်ကတည်းက ရုရှားကို တွန်းလှန်နိုင်ဖို့အတွက် ယူကရိန်းရဲ့ ကာကွယ်ရေးစွမ်းရည်တွေထဲမှာ ဉာဏ်ရည်တုနည်းပညာ ပေါင်းစပ်ထည့်သွင်းမှု အရှိန်မြှင့်လာခဲ့ပါတယ်။
လက်ရှိ ရှေ့တန်းစစ်မျက်နှာတွေမှာလည်း AI က အလွန်အသုံးဝင်လျက်ရှိပြီး ဒရုန်းတွေကို လမ်းကြောင်းပြတာ၊ တိုက်ခိုက်ရမဲ့ ပစ်မှတ်တွေ ရှာဖွေဖော်ထုတ်ပေးတာနဲ့ အကြီးစား စစ်ဆင်ရေးတွေ ပူးပေါင်းဆောင်ရွက်တဲ့အခါ ချိတ်ဆက်ပေးတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။










