
အပစ်အခတ် ရပ်စဲထားပေမဲ့ လက်ဘနွန်တောင်ပိုင်းကို အစ္စရေး တိုက်ခိုက်ခဲ့တာကြောင့် မေ ၁၉ ရက်မှာ လူ ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မာရှူးမြို့လယ်မှာရှိတဲ့ အဓိက ကျန်းမာရေးစင်တာတခုကိုလည်း အမြောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
မေ ၁၆ ရက်က ၄၅ ရက် အပစ်အခတ်ရပ်စဲတဲ့ သက်တမ်းတိုးတယ်လို့ အမေရိကန်က ကြေညာခဲ့ ထားပေမဲ့ အစ္စရေးက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒီလိုတိုက်ခိုက်တာက စစ်ကြောင့် ပျက်စီးသေဆုံးမှုတွေ မြင့်တက်နေတဲ့အချိန်မှာ လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုပြီး တိုးပွားစေပါတယ်။
မာရှူးမှာရှိတဲ့ ကျန်းမာရေးစင်တာကို တိုက်ခိုက်ခဲ့တာက ဟစ်ဇ်ဘိုလာတွေ အသုံးပြုတာကြောင့်လို့ အစ္စရေးက ကြေညာထားပါတယ်။
ဒါပေမဲ့ ဒေသခံတွေကတော့ ဒီလိုတိုက်ခိုက်မှုတွေက စိတ်ပျက်စရာကောင်းတယ်လို့ ဆိုပါတယ်။
လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ တိုက်ပွဲတွေ ပြန်ဖြစ်တဲ့ မတ်လအစောပိုင်းကတည်းက လူ ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၉,၀၀၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
လူ ၁ သန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး လူနေအိမ်အမြောက်အမြား ပျက်စီးခဲ့တယ် လို့လည်း ဆိုပါတယ်။
အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း များခဲ့တယ်လို့ ပါလက်စတိုင်း သတင်းအေဂျင်စီက ဖော်ပြပါတယ်။
ဂါဇာတောင်ပိုင်းမှာရှိတဲ့ ရာဖာနဲ့ ခန်းယူနစ်တို့ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စရေးစစ်တပ်က မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ဂါဇာ ပထမအဆင့် အပစ်အခတ်ရပ်စဲရေးကို ၂၀၂၅ အောက်တိုဘာလမှာ သဘောတူညီမှုရခဲ့ပြီး အဲဒီအချိန်က စပြီး သေဆုံးသူ ၈၈၃ ယောက်နဲ့ ဒဏ်ရာရသူ ၂,၆၄၈ ယောက် ရှိတယ်လို့ ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
Source: Reuters










