
မန္တလေးမြို့ပေါ်မှာ ခိုးဆိုးလုယက်မှုနဲ့ ရာဇဝတ်မှုခင်းတွေ တမြို့လုံးအနှံ့ ဆိုးရွားလာနေသလို နေ့ခင်းကြောင်တောင်ပါ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်နေလို့ မန္တလေးမြို့ ဒေသခံတွေ စိုးရိမ် နေကြပါတယ်။
မန္တလေးမြို့မှာ အများပြည်သူပိုင်လမ်းတွေပေါ်က ရေမြောင်းအဖုံးတွေ အခိုးခံနေရတာကြောင့် ပြည်သူတွေအနေနဲ့ ခိုးတာကို တွေ့ရှိရင် သတင်းပေးကြဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဇူလိုင် ၂၀ ရက်က လူမှုကွန်ရက်မှာတင်ပြီး အကူအညီ တောင်းခံခဲ့ပါသေးတယ်။
မန္တလေးမြို့ ဒေသခံတယောက်ကတော့ ရေမြောင်းအဖုံးတွေ အခိုးခံရတာအပြင် ဆိုင်ကယ်ခိုးခံ ရတာတွေ၊ လုယက်ခံရတာတွေ အမြဲလိုလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
“သူခိုးကတော့ ပြောမနေနဲ့ ဆိုင်ကယ်တွေ ဘာတွေဆိုလည်း ပြောရမယ်ဆိုရင် ဘီးဖြုတ်ယူရတာနဲ့၊ ကားတွေ ဘာတွေဆိုလည်း ဆီဖောက်တာတွေ၊ စားစရာ မရှိတော့လည်း ခိုးကြတဲ့ သဘောမျိုးရော၊ ခေတ်က မကောင်းတော့ အဲလိုမျိုးတွေ ဖြစ်ရော။ ဘာနေနေ ထားလို့မရဘူး မျက်နှာလွှဲခဲပစ်။ ဆိုင်ကယ်တောင်မှ ၅ မိနစ် ၁၀ မိနစ်လောက်၊ ဆိုင်ကယ်လေးနဲ့ နည်းနည်းလေး ဝေးဝေးလေး သွားမယ်ဆိုရင်တောင်မှ ဇက်သော့တွေရော၊ အကုန်လုံး သော့သီးတွေရော အမျိုးမျိုးခတ်ပြီး သွားရတာနော်။ မျက်မြင် လက်တွေ့ ဖြစ်ရင်တောင်မှ လူပါးရင် လုတာတွေ ဘာတွေ ရှိတယ်လေ။ ဆိုးပါတယ် တော်တော်ဆိုးဆိုးပဲ။”
ဒီလို ခိုးဆိုးလုယက်မှုတွေအပြင် နေ့ခင်းကြောင်တောင် အိမ်ပေါ်အထိ ပေါ်တာဆွဲခံရလို့ လူငယ်တွေ အခက်တွေ့နေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ပဲပုပ်တန်းရပ်ကွက်မှာဆိုရင် ညဘက်တွေအပြင် နေ့ခင်းဘက် ပေါ်တာဆွဲတာတွေ တော်တော်ဆိုးတဲ့ အခြေအနေ ဖြစ်နေလို့ လူငယ်တွေ ရှောင်နေကြရတယ်လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။
“လွန်ခဲ့တဲ့ လေးငါးရက်က နေ့ခင်းကြီး လာဆွဲတာ လေးငါးယောက်လောက် ပါသွားတယ်။ လူငယ် တွေဆိုရင် ကိုယ့်အိမ်ကိုယ်တောင် မအိပ်ကြတော့ဘူး။ အခုက စစ်မှုထမ်း လူစားထိုး ဖမ်းတာတွေ လည်း ရှိတော့ တော်တော်ဆိုးတဲ့ အခြေအနေဖြစ်နေတာ။ တခြားရပ်ကွက်တွေလည်း အဲ့လိုပါပဲ နေ့ခင်းဘက်တွေလည်း ဆွဲနေတာပဲ။”
မန္တလေးမြို့ ဒေသခံတွေအနေနဲ့ ခိုးဆိုးလုယက်မှု၊ ရာဇဝတ်မှုတွေနဲ့ ပေါ်တာဆွဲတဲ့ အခြေအနေတွေ ကြောင့် မိမိလုံခြုံရေးအတွက် စိုးရိမ်နေကြပေမဲ့လည်း သွားလာဆင်ခြင်ရုံပဲ တတ်နိုင်တယ်လို့ ဆိုကြပါတယ်။
မန္တလေးမြို့ခံတယောက်က “စိုးရိမ်ရတဲ့ဟာက လွန်နေအောင်ကို စိုးရိမ်ရတာပေါ့။ လုပ်စားကိုင်စား ကြတာကလည်း မကောင်းတဲ့ဟာတွေ လုပ်စားကြတာကလည်း သူတို့အဖွဲ့တွေပဲ၊ သူတို့အဖွဲ့ဆိုတာ ပျူစောထီးတို့၊ အဲလို စစ်တပ်နဲ့ ပေါင်းသင်း၊ ရဲတွေနဲ့ ပေါင်းသင်းပြီး အဲလို လုပ်ကိုင်စားသောက် ကြတာ။ ဖဲဝိုင်းတွေ ထောင်တယ်ဆိုရင်လည်း သူတို့ကို ပိုက်ဆံပေးပြီး အဲလိုမျိုး အုပ်ချုပ်ရေးမှူးတွေ ကို ပေးပြီး အလုပ်လုပ်နေကြတာ။ ကိုယ့်လုံခြုံရေးကို အခုပြောတဲ့ သွားလာမှုတွေ ဆင်ခြင်ပေါ့၊ ဒါပေမဲ့ လုပ်ကိုင်စားသောက်နေရတော့ မသွားမလာလို့ကလည်း မဖြစ်ဘူးလေ” လို့ ပြောပါတယ်။
ဇူလိုင် ၂၀ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ မီလျံနာ ရွှေဆိုင်ကို သေနတ်ကိုင်ထားတဲ့ လူ ၆ ယောက် ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ရွှေတပိဿာကျော် ပါသွားခဲ့ပါတယ်။
မြတ်သဇင်










