
ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရားမဝင် အလုပ် လုပ်ကိုင်နေတဲ့ တရုတ်နဲ့ မြန်မာ နိုင်ငံခြားသားလုပ်သား ၂၂ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့ Bangkok Post သတင်းမှာ ဇွန် ၂၃ ရက်က ဖော်ပြပါတယ်။
ဖူးခက်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဗိုလ်ကြီး ခတ်ထရတ် ချန်ဆင်းဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့ဟာ ချလောင်းရပ်ကွက်အတွင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဝင်ရောက်စစ်ဆေးချိန်မှာ ခုလို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို စစ်ဆေးစဉ်အတွင်း အလုပ်လုပ်ကိုင်ခွင့်ပါမစ်၊ ဒါမှမဟုတ် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သက်သေခံအထောက်အထား တစုံတရာ ပြသနိုင်ခြင်းမရှိတာကြောင့် ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ISOC) ရဲ့ ခရိုင်ရုံးဆီ ခေါ်ဆောင်သွားခဲ့ကာ စစ်ဆေးပြီးနောက်မှာ တရုတ်နိုင်ငံသား ၁၉ ယောက်နဲ့ မြန်မာနိုင်ငံသား ၃ ယောက် ဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
မစ္စတာ ခတ်ထရတ်က လတ်တလော ဖူးခက်ခရိုင်အတွင်းမှာ နိုင်ငံခြားသားတွေ တရားမဝင် လာရောက်လုပ်ကိုင်နေတာ အများအပြား ရှိနေပြီး အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ တရုတ်နိုင်ငံသားတွေ လာရောက်လုပ်ကိုင်တာနဲ့ ကြီးကြပ်ကွပ်ကဲတာမျိုးတွေ ပိုမိုတွေ့ရှိလာရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စနေနေ့တုန်းကလည်း ဖူးခက်အပါအဝင် တောင်ပိုင်း ၃ ခရိုင်အတွင်း နိုင်ငံခြားသားတွေ တရားမဝင် အမည်ခံ စီးပွားရေးလုပ်ကိုင်နေမှုကို အကြီးအကျယ် နှိမ်နင်းခဲ့တာကြောင့် ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသားသံသယရှိသူ စုစုပေါင်း ၄၈ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ အဆိုပါလုပ်သားတွေကို ငှားရမ်းထားတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားသားတွေ တရားမဝင် အမည်ခံ ဖွင့်လှစ်ထားတာမျိုး ရှိ၊ မရှိအထိပါ စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့လုပ်ဆောင်နေတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ အခုဖမ်းဆီးရမိတဲ့ အလုပ်သမားတွေကို ငှားရမ်းထားတဲ့ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံ၊ ရှယ်ယာရှင်စာရင်းနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးအရင်းအမြစ်တွေကိုပါ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး တရားမဝင် အမည်ခံထားခြင်း ရှိ၊ မရှိကို ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံခြားသားတွေရဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့အတွက် မူလ ဖူးခက် မော်ဒယ်အစီအစဉ်အတိုင်း ကျင့်သုံးဆောင်ရွက်သွားမှာဖြစ်ပြီး ဒီလိုလုပ်ဆောင်တာဟာ အဆိုပါ ရာဇဝတ်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေနဲ့ အဓိကအကျိုးအမြတ်ရရှိနေသူတွေကို ဖော်ထုတ်ရာမှာ အထောက်အကူဖြစ်စေမယ်လို့လည်း ဆိုပါတယ်။
ဖူးခက်ခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဖတ်ဆာကွန်း ဆွန်သီကွန်ကလည်း စုံစမ်းစစ်ဆေးသူတွေအနေနဲ့ အဆိုပါလုပ်သားတွေ ဝင်ရောက်လာတဲ့ လမ်းကြောင်းတွေ၊ သူတို့ကို ခေါ်ဆောင်လာရာမှာ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်သွားမှာဖြစ်ပြီး နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုပြီး သူတို့ရဲ့ အရင်က ခရီးသွားလာမှု မှတ်တမ်းတွေကိုပါ ပြန်လည်စိစစ် စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။
Source: Bangkok Post










